(စိုးနေလင်း ၏ အရေးတကြီးဖြည်.ဆည်းရမဲ. ကွက်လပ်
ဆောင်းပါး "နေ.သစ်" Website မှ ကူးယူဖေါ်ပြပါတယ်)
ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ် တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူး သဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။
အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ဖြေရှင်းပုံကို မကျေ နပ်တဲ့အတွက် ဆန္ဒပြကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသားသမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။
အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမိုကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။
ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့်ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲတွေအားလုံးဟာ တစိတ် တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထုလူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။
၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင်ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။
အဲဒီ ကျောင်းသားနဲ့ အလုပ်သမားတိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ် ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ်ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့ အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲအပေါ် သုံးသပ် အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ်ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ်အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရအောင် အစိုးရဆန့်ကျင်သူ မှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။
သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော်ထုတ်ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှား ဖြစ်နေပါပြီ။ တဖက် ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အတည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံး သိမ်းသွင်းတဲ့ နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်း တွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။
အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရတရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။
စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေအနေအရ ပြည်တွင်း က ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာ ရှင် စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ်အစိုးရကို အောင်ပွဲရအောင် တိုက် ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲ ရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံ မျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေး အပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ် ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။
ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ်ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ်မှာဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှား တွေ၊ အသင်းအဖွဲ့နဲ့ ပါတီ တခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ် ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုးသားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင် တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့ တော့ လိုအပ်ပါလိမ့်မယ်။
လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာမှုတွေ များပြား လာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့လူမျိုး အဆုံးစွန်ပျက်သုန်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။
အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ်အာဏာရှင် တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ်ကြဖို့ လိုအပ်ပါတယ်။
(ကဗျာဆရာ ကိုအောင်ဝေး ၏ ဆောင်းပါး "နေ.သစ်" Website မှ ကူးယူဖေါ်ပြပါတယ်)
တော်လှန်ရေးကောင်စီ လက်အောက် ၁၉၇၀ ပြည့်လွန် မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဥပဒေတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ မဆလခေတ်မှာ ပထမဆုံး ပြင်းပြင်းထန်ထန်နဲ့ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ လူထုတိုက်ပွဲကတော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းပါပဲ။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပါတယ်။
ဒီပွဲမှာ မဆလဟာ နိုင်ငံရေး နားမလည်တဲ့ အနုပညာသည်တွေ၊ တတ်သိပညာရှင်တွေကို ခုတုံးလုပ် အသုံးချပြီး လူထု လည်ပင်း ဓားထောက်ကာ သူတို့ဥပဒေကို တဖက်သတ် အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့ ၁၉၇၄ စစ်တပ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွက်လာခဲ့တာပါပဲ။
အဲဒီအခြေအနေမှာ တတိုင်းတပြည်လုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဘ၀အထွေထွေဟာ အတော့်ကို ချွတ်ချုံကျနေခဲ့ ပါပြီ။ ဆင်းရဲကျပ်တည်းတဲ့ ဒဏ်ကို အောက်ခြေလူထုက အလူးအလဲ ခံနေရတဲ့ အချိန်ပါ။ အထူးသဖြင့် မြို့နေအလုပ်သမား တွေရဲ့ ဘဝဟာ ရင်နင့်စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် တိုးနေရပါပြီ။
အဲဒီလို လူထုရဲ့ အထွေထွေ အကျပ်အတည်းကြားမှာပဲ ၁၉၇၄ ခုနှစ် မတ်လထဲမှာ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးမှာ ရှိတဲ့ ကမာရွတ်ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့ပါတယ်။
အဖြစ်အပျက်ကတော့ အဆောင်နေ ကျောင်းသားတဦးကို ခါးပိုက်နှိုက်နဲ့ မှားပြီး ရဲက ဖမ်းလိုက်တာက စတာပါ။ ကမာရွတ် ရဲစခန်းမှာ ရဲတွေက အဲဒီကျောင်းသားကို ရိုက်နှက်စစ်ဆေးကြတယ်။ ဒါကို ကျောင်းသားထုကြီးက မခံမရပ်နိုင်ဖြစ်ပြီး ကမာ ရွတ်ရဲစခန်းကို ဝိုင်း၊ ရိုက်နှက် စစ်ဆေးတဲ့ ရဲတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။
စခန်းမှူးနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အပြင် ကျောင်းသားတွေအပေါ် မချေမငံ ဆက်ဆံတဲ့ အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။
ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး၊ ၁၉၇၄ ခုနှစ် မေလနဲ့ ဇွန်လတွေ အတွင်းမှာ တနိုင်ငံလုံးအတိုင်း အတာနဲ့ အလုပ်သမားတွေရဲ့ အုံကြွမှုကြီးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။
အစောဆုံး ပေါ်ထွက်လာတဲ့ အလုပ်သမားထု ဆန္ဒပြပွဲတွေကတော့ ၁၉၇၄ ခုနှစ် မတ်လ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ၊ ဧပြီလ မန္တလေးမြို့က အစိုးရပိုင် သစ်စက်တွေမှာ ဖြစ်ပါတယ်။
မေလထဲ ရောက်တော့ ၁၃ ရက်နေ့ မြစ်ငယ် မီးရထားတွဲပြင်စက်ရုံနဲ့ ရွာသစ်ကြီး ချည်မျှင်နဲ့အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်းဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေးကုန်စည်ဌာနခွဲ အဲဒီ နေရာ အသီးသီးမှာ အလုပ်သမားသပိတ်တွေ ဆက်တိုက် ပေါ်ထွက်လာပါတယ်။
၁၉၇၄ ခုနှစ် ဇွန်လထဲမှာ မြစ်ငယ် မီးရထားစက်ခေါင်းရုံက စလိုက်တဲ့ အလုပ်သမားသပိတ်ဟာ တနိုင်ငံလုံးကို ပျံ့နှံ့ကူးစက် သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေအလုပ်သမားသပိတ်ကြီးအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။
မန္တလေး၊ မြစ်ငယ် အစ ချောက်၊ ရေနံချောင်း၊ စစ်ကိုင်း အလယ် ရန်ကုန်၊ သံလျင် အဆုံး တပြည်လုံးက စက်ရုံ အလုပ်ရုံ ပေါင်း ၁၂၈ ခု သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ တိုက်ပွဲပါပဲ။
ဇွန်လ ၆ ရက် ရန်ကုန် အလုပ်သမားတိုက်ပွဲမှာ အလုပ်သမားတွေဘက်က အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန် လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နေစရာ အိမ်ခန်းရရှိရေး၊ လစာ တိုးမြှင့်ရေး စတဲ့ အလုပ်သမားအခွင့်အရေးတွေကိုပဲ တရားဝင် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။
အလုပ်သမားတွေဟာ မဆလ စစ်တပ်ဆီက အာဏာကို လုနေတာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို အလုပ်သမားခေါင်းဆောင် တွေက အစိုးရကို ရှင်းပြခဲ့ကြတယ်။
ဒါပေမဲ့ မဆလ စစ်အုပ်စုက အလုပ်သမားသပိတ်ကြီးကို လက်နက်နဲ့အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်းချည်မျှင် နဲ့ အထည်စက်ရုံက အလုပ်သမားတွေ၊ ဆင်မလိုက်သင်္ဘောကျင်းက အလုပ်သမားတွေ အများအပြား သေကြေဒဏ်ရာရခဲ့ ကြပါတယ်။
ဒီတိုက်ပွဲမှာ အလုပ်သမားခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးခံခဲ့ရပါ တယ်။ အလုပ်သမား တော်တော်များများလည်း အလုတ်ဖြုတ်ခံကြရပါတယ်။
မဆလ အစိုးရဟာ အလုပ်သမားသပိတ်ကို ကွန်မန်ဒိုတပ်တွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။ စားစရာ ဆန် တောင်းနေတဲ့ အလုပ် သမားတွေကို စစ်တပ်က ကဲ ဟေ့ မင်းတို့ ဆန်တော့ မရဘူး၊ ကျည်ဆံပဲရမယ် ဆိုပြီး ပစ်ခတ် ချေမှုန်း၊ ဘက်နက် လှံစွပ်နဲ့ အတင်း တက်ထိုးခဲ့တဲ့ ဖြစ်ရပ်ပါ။
ဇွန်လ ၆ ရက်၊ ဇွန်လ ၇ ရက် အလုပ်သမားသပိတ်ကို ပစ်ခတ် ဖြိုခွဲနေတဲ့ မောင်းပြန် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကို တက္ကသိုလ်နယ်မြေထဲကလည်း အတိုင်းသား ကြားနေခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့ အလုပ်သမားတွေထဲမှာ ကျောင်းသား မိဘတချို့လည်း ပါပါတယ်။
အလုပ်သမားတွေ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ ပြည်သူရဲ့ဒုက္ခကို ဘယ်တုန်းကမှ မျက်ကွယ်ပြုရိုး ထုံးစံ မရှိတဲ့ ကျောင်းသားတွေဟာ သွေးမြေအကျခံပြီး တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ ခွပ်ဒေါင်းအလံကို လွှင့်ထူ လိုက်ကြပါတယ်။
တက္ကသိုလ် ကျောင်းသားတွေ လမ်းမပေါ်ထွက်လာပြီး မဆလ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်လိုက်ကြပါပြီ။
မဆလ အစိုးရဟာ အလုပ်သမားတိုက်ပွဲထဲကို ကျောင်းသားတွေ ပူးပေါင်းပါဝင်လာပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလို တက္ကသိုလ် ကောလိပ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေကျောင်းသားတွေကို အမိန့်နဲ့ တက္ကသိုလ် နယ်မြေထဲကနေ ထွက်ခွာခိုင်းပါတော့တယ်။
အလုပ်သမား တိုက်ပွဲတွေကတော့ ချက်ချင်းသွေးအေးမသွားဘဲ ဇွန်လ ၁၀ ရက် အမှတ် ၃ သစ်စက်၊ ဇူလိုင် ၁ ရက် ကြို့ ကုန်း ဘီပီအိုင်စက်ရုံတို့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။
၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲ ချေမှုန်းခံခဲ့ရပေမယ့် အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကတော့ ကြံ့ကြံ့ခံနေဆဲပါပဲ။ ။
Welcome
Table of Contents
မဟာဂန္ဓာရုံဆရာတော်
|
အမျိုးသာခေါင်းဆောင်

Have your say...!
သတင်းမီဒီယာများ
Blogger Friend
ယနေ့ရွှေဧည့်သည်
ရွှေဧည့်သည်များ တည်ရှိရာ
Categories-
Friday, June 4, 2010
၁၉၇၄ ခုနှစ် ဂျွန် ၆ အလုပ်သမား တိုက်ပွဲ နှစ်ပတ် လည် အမှတ်တရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment