Subscribe
Add to Technorati Favourites
Add to del.icio.us

Tuesday, June 8, 2010

မြန်မာ့အရေး မှတ်တမ်းတင်ဓာတ်ပုံဆရာ ဆုချီးမြှင့်ခံရ



ထိုင်း-မြန်မာနယ်စပ်၊ မယ်တော်ဆေးခန်းတွင် ရိုက်ယူခဲ့သည့် James Mckay ၏ ဆုရ ဓာတ်ပုံတခု။
ဓာတ်ပုံ James Mackay

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 07 ဇွန် 2010

ဗြိတိန်နိုင်ငံသား မှတ်တမ်းတင် ဓာတ်ပုံဆရာတဦးရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လက်ရာတွေကို ပြင်သစ်အခြေစိုက် ဓာတ်ပုံအသင်းကြီးတခုက ဆုချီးမြှင့်လိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို ထင်ဟပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံတွေကို ထူးထူးခြားခြား ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ James Mckay ကို ပြင်သစ်နိုင်ငံက PX3 ဓာတ်ပုံအသင်းကြီးက ဒီနှစ် ၂၀၁၀ ခုနှစ်အတွက် နိုင်ငံရေးဓာတ်ပုံ အကောင်းဆုံးဆု ၂ ဆုကို တပြိုင်တည်း ချီးမြှင့်လိုက်တာပါ။

နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံ အကောင်းဆုံးဆုကိုတော့ ကလေးငယ်တွေရဲ့ ဝေဒနာ၊ လူကဖန်တီးတဲ့ ကပ်ဘေးဒုက္ခရဲ့ သားကောင်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်း-မြန်မာနယ်စပ်၊ မယ်တော်ဆေးခန်းက မြန်မာကလေးငယ်တွေ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ရိုက်ကူးထားတဲ့ လက်ရာတွေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ စစ်အစိုးရလက်အောက် တိုင်းပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်လာရသူ ကလေးငယ်တွေ ကျန်းမာရေး ကုသစောင့်ရှောက်မှုရဖို့ စောင့်ဆိုင်းနေကြတာတွေကို အလွတ်တန်း ဓာတ်ပုံဆရာ Mckay က ရိုက်ကူးထားတာပါ။

နိုင်ငံရေးမှတ်တမ်းတင်ဓာတ်ပုံ ဒုတိယ အကောင်းဆုံးဆုကိုတော့ “လွတ်လာပေမဲ့ လွတ်လပ်မှု မရှိဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံနေရသူ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရဲ့ ဘ၀ကို ထင်ဟပ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ဆွတ်ခူးသွားပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင် အပါအ၀င် ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက လက်ဖ၀ါးပေါ်မှာ လွတ်မြောက်စေလိုသူတွေရဲ့ အမည်တွေကို ရေးသားပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။
ဥရောပတလွှားမှာ ထင်ရှားတဲ့ ပြင်သစ်နိုင်ငံက ဓာတ်ပုံအသင်းကြီးဖြစ်တဲ့ PX3 မှာ ဒုတိယဆုရခဲ့တဲ့ အဲဒီ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆိုင်တဲ့ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်မှာလည်း ဆုတွေ ရခဲ့တာဖြစ်ပြီး ဒီလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မြန်မာ့အရေး လှုပ်ရှားမှုအဖြစ် လန်ဒန်မြို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

0 comments: