Subscribe
Add to Technorati Favourites
Add to del.icio.us

Sunday, December 26, 2010

သမိုင်းတကွေ့မှ သခင်သန်းထွန်း

သခင်သန်းထွန်းသည် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထင်ရှားခဲ့သည့် နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။

အထူးသဖြင့် လွန်ခဲ့သော ၅၃ နှစ် အတွင်း သခင်သန်းထွန်းသည် “ဗမာပြည် ကွန်မြူနစ် ပါတီ”၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ်ကျော်ကြား ခဲ့လေသည်။ သခင်သန်းထွန်း၏ နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင် သာမက ကမ္ဘာ့ ကွန်မြူနစ် လောကတွင်လည်း ကြားသိဖူးကြသည်။

Bo-Than-Tun

၁၉၅၂ ခုနှစ် ပခုက္ကူခရိုင် ပုံတောင်ပုံညာ ဒေသတွင် သုံးပါတီ ညီညွတ်ရေး ပြုလုပ်ခဲ့စဉ်က တွေ့ရသည့် ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) (၀ဲ)၊ သခင်သန်းထွန်း (ဗမာပြည် ကွန်မြူနစ်ပါတီ) (အလယ်)၊ သခင်စိုး (ကွန်မြူနစ်ပါတီ-ဗမာပြည်) (ယာ)။ (ဓာတ်ပုံ - ပြည်သူ့အာဏာ ဂျာနယ်)

သခင် သန်းထွန်းသည် နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့သူ ဖြစ်သည်။ မြန်မာ့ တော်လှန်ရေး သမိုင်း အဆက်ဆက် တွင်လည်း သခင် သန်းထွန်းသည် ရှေ့တန်းက ပါဝင်ခဲ့သည်သာ များသည်။

တို့ဗမာ အစည်းအရုံး ခေါင်းဆောင် တဦးအဖြစ်သာမက ၁၃၀ဝ ပြည့် ရေနံမြေ အလုပ်သမား အရေးနှင့် ကျောင်းသား အရေးတော်ပုံ တို့တွင် ဦးဆောင်မှုအပိုင်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့သကဲ့သို့ တောင်သူ လယ်သမားများ၏ အရေး ကို လည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြောက်ကျား စစ်ပွဲတွင်လည်း ဇွဲကောင်းကောင်းဖြင့် ဦးစီးပါဝင်ခဲ့သူ ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလှုပ်ရှားမှုနှင့် ကွန်မြူနစ် အင်အားစုကို စည်းရုံး ရှေ့ဆောင်ခဲ့သူမှာလည်း သခင်သန်းထွန်းပင် ဖြစ်သည်။

ဆရာကြီး ဒဂုန်တာရာက “ရုပ်ပုံလွှာ” စာအုပ်တွင် သခင်သန်းထွန်းအား ဤသို့မှတ်တမ်းတင် ရေးဖွဲ့ထားသည်။

“သခင်သန်းထွန်းကို လူချင်းမသိမီကတည်းက အမည်ကို ကြားဖူးနေ၏။ ကိုဗဟိန်းက သခင်သန်းထွန်း၏ အကြောင်းကို မကြာခဏ ကျနော့်ကို ပြောပြ၏။

ထိုအခါက ကိုဗဟိန်းသည် တက္ကသိုလ်ရိပ်သာရှိ သထုံကျောင်းဆောင်တွင် မရှိဘဲ မြို့ထဲ ၃၈ လမ်းရှိ ဇဝန တို့ စုနေကြ သော အိမ်တွင် ရောက်နေတတ်၏။ ထိုအိမ်တွင် သခင်သန်းထွန်းလည်း နေ၏။

“သခင်သန်းထွန်းဆိုတာ တော်တော်စာဖတ်တယ်ဗျ။ မာ့က်စ် စာပေကိုလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်း တယ်”ဟု ကျောင်းဆောင်သို့ ပြန်ရောက်လျှင် ကိုဗဟိန်း ကျနော့်ကို ပြောပြလေ့ရှိ၏။ စိတ်ထဲတွင် သခင်ပေါက်စတဦးပဲ ဟုသာ အောက်မေ့လိုက်၏။

တနေ့တွင် ကိုဗဟိန်းနဲ့အတူ ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနသို့ ရောက်သွားရာ သခင်သန်းထွန်းနှင့် သွားတွေ့၏။ ကိုဗဟိန်းက ကျနော့်ကို သခင်သန်းထွန်းနှင့် အသိဖွဲ့ပေး၏။

“သြ ... သြ ...ခင်ဗျားအကြောင်းကိုလည်း ကိုဗဟိန်းက ခဏခဏ ပြောပါတယ်ဗျာ”ဟု သခင်သန်းထွန်းက ပြုံးကာ ပြောလေသည်။

သူသည် မန္တလေးပိုး အပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး၊ အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသား က ဝါလဲ့လဲ့။ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်းဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏၊ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာပြော၏။

အစက ထင်ထားသကဲ့သို့ အာပေါင်အာရင်းသန်သန် ဟစ်အော်သူမဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်။ ကဗျာဆရာ မီလ်တန်၊ လီနင်ဝါဒ၊ ကိုလိုနီတော်လှန်ရေး၊ ဘားနတ်ရှော ပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္တု၊ ဗြိတိသျှပါလီမန်၊ ဦးကုလား ရာဇဝင်၊ သိပ္ပံ မောင်ဝ ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။

နောင်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း သိရသည်။ ကျောင်းနေစဉ်က စာတော်သူတဦးဖြစ်ခဲ့၏။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းဟောင်းတစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီးဖြစ်စဉ် သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ နောင် ဖဆပလ ခေတ် ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ကိုကျော်ငြိမ်းက 'အင်္ဂလိပ်စာရေးတာ မြန် သလောက် ကောင်းတာပါပဲ' ဟု ချီကျူးသည်ကို ကြားရဖူး၏။ ၁၉၃၉ က တို့ဗမာအစည်းအရုံးမှ ကိုယ်စားလှယ်များအဖွဲ့သည် ကွန်ဂရက်၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည် ရမ်းဂါး သွားကြ၏။ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့ ပါသွားကြ၏၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ များက သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ကို မကြာခဏဖိတ်၍ စကားပြောစေသည်ဟု သိရ၏။ သခင်သန်းထွန်းကို ပွဲတောင်းလှသည်ဟု ကြားရ၏။

ဂျပန်ခေတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဖြစ်စဉ်က သူ့ဌာနတွင်လုပ်သော အတွင်းဝန်များသည် သူ့ကိုလေးစားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လယ်ယာစိုက်ပျိုးရေးကို လေ့လာနားလည်ပြီး ညာဝါးဖြန်းသန်းကာ မဆိုင်သည်ကို ဝင်ရောက် စွက်ဖက်ခြင်း မလုပ်သောကြောင့်ဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။

သခင်သန်းထွန်းသည် မြန်မာလိုရော အင်္ဂလိပ်လိုပါ စာရေးကောင်းသူဖြစ်သည်။ သုပဏ္ဏက ကလောင်အမည်ဖြင့်လည်း ဆောင်းပါးများ။ ဘာသာပြန်စာပေများရေးသားခဲ့သည်။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံ အမည်ရှိ ကွန်မြူနစ်ပါတီ ဂျာနယ် ကို လည်း လျှို့ဝှက် ထုတ်ဝေခဲ့သည်။

သို့ကလို ထူးချွန်ထက်မြက်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင်သန်းထွန်းကို ၁၉၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့ အဘ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ဦး အနက် တတိယမြောက်ဖြစ်သည်။ သူ့အထက် အစ်ကိုတို့မှာ ဦးတင်(သာယာဝတီထောင်မှူးဟောင်း)၊ ဦးညီပုတို့ဖြစ်ပြီး သူ့အောက် ညီနှင့် ညီမတို့မှာ မစိမ်းညို၊ ကိုညီလေး၊ မစိမ်းချို (မမြဝင်း) တို့ဖြစ်ကြသည်၊

သခင်သန်းထွန်းသည် ပျဉ်းမနားမြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းမှ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)ကို အင်္ဂလိပ်စာ၊ ရာဇဝင်၊ မြန်မာတို့ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ဆရာဖြစ်သင် ကောလိပ်တွင် ပညာ ဆက်လက် သင်ကြားခဲ့သည်။ ဆရာအတတ်သင်ကျောင်းမှ ဆင်းပြီးနောက် ရန်ကုန်မြို့ကန်တော်ကလေးရပ်ရှိ ဘားမား မွတ်စလင် အထက်တန်းကျောင်း(ယခု အထက(၆)မင်္ဂလာတောင်ညွန့်မြို့နယ်) တွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ လေသည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီ စာအုပ် အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။

ထို့နောက် တို့ဗမာအစည်းအရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄၀ ပြည့်နှစ်မတ်လ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့(Ramgarh)တွင် ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီ ညီလာခံသို့ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်အုန်းမြင့်(တိုးတက်ရေး)၊ ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတား တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာပြည်သို့ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ်များကိုဖတ်ရှုကာ ကွန်မြူနစ် ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီတွင် ပါဝင်လှုပ်ရှားခဲ့လေသည်၊

၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်အတွင်း သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ထောင်ကျခဲ့လေ သည်။ ၁၉၄၂-၄၄ ဂျပန်ခေတ်တွင် သခင်သန်းထွန်းသည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေး တာဝန်ခံအဖြစ် လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေး ပြင်ဆင်မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အစိုးရ အဖွဲ့တွင် မြေယာနှင့် လယ်ယာစိုက်ပျိုးရေးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလ အဖွဲ့ကြီးကို စတင်ဖွဲ့စည်းသောအခါ အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဌဖြစ်လာသည်၊ ယင်းနှစ်တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း ဒေါ်ဖွားစုတို့၏ သားသမီးကိုးယောက်အနက် ပဉ္စမမြောက်သမီး မခင်ကြီး(ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည် ၏ အစ်မ)နှင့် ထိမ်းမြား၍ သမီး ခင်မမ၊ သား မောင်ထွန်းအောင်၊ မောင်ထွန်းဝင်းတို့ ထွန်းကားခဲ့သည်။ ဒေါ်ခင်ကြီးသည် သခင်သန်းထွန်း ထက် အသက် ၂ နှစ်ကြီးသည်။

ထို့နောက် ၁၉၄၆ ခုနှစ်တွင် သခင်သန်းထွန်းသည် ဖဆပလအဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက် ခြင်း ခံရလေသည်၊ ၁၉၄၆ အောက်တိုဘာလ ၁၀ရက်နေ့တွင် သခင်သန်းထွန်းတို့ ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံရသည်။ ၁၉၄၈ မတ်လ၂၈ တွင်သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီသည် အစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်၊ ယင်းနောက် မြေအောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည်။

၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ်၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးရှိ တောင်ကြောလေးပေါ်တွင် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် လုံတိတ် ခေါ် ရဲဘော် မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသောကြောင့် သခင်သန်းထွန်း သည် ကျဆုံးသွားခဲ့ရပေသည်။

သခင်သန်းထွန်အား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ နိုဝင်ဘာ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံလွှင့်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင် ပဲခူးရိုးမ တိုင်းဥက္ကဌ ဗိုလ်မှူးမြခေါ် ရဲဘော်မြသည် သတင်းစာဆရာများအား အောက်ပါအတိုင်းပြောပြခဲ့သည်။

“လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ရိုးမ တောင်စွယ် တွင် ဗဟိုစခန်းချခဲ့ကြသည်။ ထိုနေ့ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဌ သခင်သန်းထွန်းသည် အခင်းကြီးစွန့်ရန်တောင် ခြေသို့ ဆင်းသွားပြီး မကြာမီတွင် သေနတ်သံတချက် ကြားရသည်။ သေနတ်သံကြားရ၍ မိမိက လှမ်းအကြည့်တွင် လုံချည်ကို လက် နှစ်ဘက်ဖြင့်မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး ဘယ်သူက ပစ်လိုက်တယ်မသိဘူးဟု တခွန်းသာပြောနိုင်သည်။ မိမိက သေနတ်သံလာရာကို လိုက်ကြည့်ပြီး ပြန်အလာတွင် သခင်သန်းထွန်း လဲနေသည်ကို တွေ့ရသည်။ ၅ မိနစ် အကြာတွင် သေဆုံးသွားသည်။ ဗကပ ဆေးမှူး ကိုလှမောင်၏ စစ်ဆေးချက်အရ သေနတ်ကျည်ဆန်သည် ဘယ်နံစောင်းမှ ဝင်ကာ ညာဘက်နို့အုံမှ ပေါက်သွားပြီး နှလုံးထက်မှ သွေးကြောမကြီး ပြတ်သွားသည်ဟု သိရသည်။ ဆေးလုံးဝ ကုသချိန်မရဘဲ ၅ မိနစ် အတွင်း သေဆုံးသွားသည်။ ထိုညမှာပင် ဗကပ ဗဟိုစခန်းကို နေရာပြောင်းရွှေ့ကာ တရက်ခရီးသွားအပြီး သခင် သန်းထွန်း၏ အလောင်းကို လျှို့ဝှက်စွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်း” စသည်ဖြင့် ပြောကြားသွားသည်။

သခင်သန်းထွန်း အလောင်းမြှပ်နှံရာနေရာကို တပ်မတော်ကတွေ့ရှိခဲ့ပုံကို တပ်မတော်ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တင်ဦး(နောင် ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်မှူးချုပ် မျက်မှန်တင်ဦး)က ပြောကြား ရာ တွင် “သခင် သန်းထွန်းအား သေနတ်ဖြင့်ပစ်ခဲ့သူ မောင်မြကြီး ပြောကြားချက်ကို မိမိတို့စစ်ဆေးရန်အတွက် မိမိသည် တပ်မတော် ထောက်လှမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မ ၇၇ မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ သခင်သန်းထွန်း လုပ်ကြံ ခံရသည့်နေရာသို့ သွားရောက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် ဗကပ များသည် စခန်းကို ဗြုန်းစားကြီး ပြောင်းရွှေ့ခဲ့၍ ပလတ်စတစ် အမိုးစများ ဝါးတိုင် များတွင် စုတ်ပြတ်ကျန်ရစ်ခဲ့သည်ကို လည်းကောင်း၊ သခင်သန်းထွန်း အလောင်းသယ်ယူရာတွင် အသုံးပြုရန်အတွက် ခုတ်ယူသွားသည့် ဝါးငုတ်တိုတို့ကိုလည်းကောင်း၊ ထိုးဆေးပုလင်းများ၊ သွေးစသွေးနများ တွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မောင်မြကြီး၏ သေနတ်ကို စီအိုင်ဒီ(ရဲမှုခင်းတပ်ဖွဲ့)သို့ ပို့၍ စစ်ဆေးခြင်း၊ သခင်သန်းထွန်း လဲကျသည့်နေရာမှ သွေးစများကို ဒေါက်တာ မောင်မောင်တိတ် အား ဓာတ်ခွဲကြည့်စေခြင်းများပြုလုပ်ခဲ့သည်။ သခင်သန်းထွန်း အား မြှပ်နှံထားသည့်နေရာကို နိုဝင်ဘာလ၂၀ ရက် နေ့မှစ၍ နေ့စဉ်ရက်ဆက် ရှာဖွေခဲ့ရာ နိုဝင်ဘာ၂၃ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ဦးမြ(ရဲဘော်မြ)၏ လမ်းညွှန်မှုဖြင့် တွေ့ရှိခဲ့သည်။ သခင်သန်းထွန်း၏ ရုပ်အလောင်းသည် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပြီး မြှပ်နှံခဲ့သည့်အတွက် ညာဘက် လက်မောင်းပင် အသားများယောင်ယမ်းနေသည်ကို တွေ့ရသည်။ ယင်ကောင် များမအုံမီ ဓာတ်ပုံများ ရိုက်ယူပြီး သခင်သန်းထွန်း၏အလောင်းကို တူးဖော်တွေ့ရှိသည့် နေရာမှာပင် ကောင်းမွန်စွာ သင်္ဂြိုဟ် လိုက်ကြောင်း”စသည်ဖြင့် ပြောကြားသွားသည်၊

သခင်သန်းထွန်း ကျဆုံးသွားသောအခါ ဇနီး ဒေါ်ခင်ကြီးနှင့် သမီးတယောက် သားနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ သခင် သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး ၉၂ နှစ်သည် ၂၀ဝ၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် ၅၄ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်၊

စာကိုး -
(က) မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃။ စာ ၁၃၇-၁၄၈
(ခ) သခင် သန်းထွန်း၏ နောက်ဆုံးနေ့များ
(ဂ) ရှေ့သို့စာစောင် အတွဲ ၁၄ အမှတ်၂ (၁၅-၁၂-၆၈)
(ဃ) Who’s who in Burma, pp193
(င) သခင် သန်းထွန်း၏သမီး ဒေါ်ခင်မမ(ခင်ခင်သန်း) ပြောပြချက် (၁၆-၃-ဝ၉)

(သန်းဝင်းလှိုင်သည် သမိုင်းဆိုင်ရာ စာပေများကို ရေးသားနေသူဖြစ်ပြီး စစ်အစိုးရ ဖိအားပေးမှုများကြောင့် မကြာသေးမီက ပြည်ပသို့ရောက်ရှိလာသူဖြစ်သည်။)

ခေတ်သစ်သို့ဆက်ရအောင်...

Saturday, December 25, 2010

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ


စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
ဂါမဏိ

နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူ များ ကြားစေဖို့ နည်းလမ်းတခုဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအားလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေးအလုပ်သမား (၆) ယောက်ကို သံခြေ ကျင်းခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက်ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေး ဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့်ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက်စေချင်သူတွေအတွက် နိုင်ငံရေးချီတက်ပွဲဟာ အရေးပါတဲ့လက်နက်ကရိယာတခု ဖြစ်လာခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင် ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက်ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့) အ ဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော်ကို ချီတက်ဆန္ဒပြတာလည်း အကြမ်းဖက်သွေးချောင်းစီးအသတ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက်ခံရပြီး ပြိုကွဲခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေတဲ့ ဖိအား မကြာခဏ ပေါ် ထွက်စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါ တွေကတော့ အင်မတန် ရှင်းလင်းတိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့အကြောင်းတရားဟာ ဆန္ဒပြချီတက်သူတွေအနေနဲ့ ထောင်ကျခံရဲလောက် တဲ့ အကြောင်းတရားဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ်ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယနိုင်ငံထွက် ဆားကို မ တန်တဆ အခွန်ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆားခွန် ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာစေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီအရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လိုကန့်ကွက်ရမယ်ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစားစီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီး သန့်ဂေဟာရှိရာ အာမက်ဒဘတ်ဒ်ကနေ ဒင်ဒီပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားချက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင်ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက်ပြသနိုင်မှာဖြစ်သလို နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆွဲယူအရှိန်မြှင့်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှအာဏာပိုင်တွေဟာ ချီတက်ပွဲရပ်သွား အောင် အကြမ်းဖက်နိုင်တယ်လို့ ဂန္ဒီက မျှော်လင့်တွက်ဆထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်းမဖက်ရေး အခြေခံမူအကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါချီတက်ခွင့်ပေးခဲ့ပါတယ်။ လမ်းခရီးတလျှောက် သိန်း နဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆိုအားပေးကြပေမယ့် ခရီးစဉ်အစအဆုံးကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့်ရည်မှန်းချက်ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာညီညွတ်တဲ့ လွတ်လပ် ရေးလှုပ်ရှားမှုကို အုတ်မြစ်ချပေးလိုက်တာဖြစ်ပြီး ဗြိတိသျှအင်ပါယာသရဖူကြီးထဲက အတောက်ပဆုံးနဲ့ အကြီး ဆုံးရတနာဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ်စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ဗြိတိသျှတွေ စမြင်သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံတောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာတယောက် ဟာ ဂန္ဒီ့နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိကနည်းဗျူဟာအဖြစ် ချီတက်ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်တောင်ပိုင်းမှာ လူမျိုးခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင်လူသာကင်းနဲ့ တခြားသော ပြည်သူ့အ ခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအားပေးနိုင်ခဲ့ပါ တယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှမရှိဘဲ အောင် မြင်ခဲ့ပါတယ်။ မာတင်လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ ရာဇဝင်တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေးဆန္ဒပြမှုနဲ့ တောက် လျှောက်တွဲမိစေခဲ့ပါတယ်။ မကြာခင် မာတင်လူသာကင်းဟာ အယ်လာဘားမားပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ချီတက်သူတွေအပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လောရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့အခွင့်အရေး ဥပဒေ အမြန်အတည်ပြုဖို့ တွန်းအားဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးချီတက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ်ပါတီညီလာခံကို ကန့်ကွက် ချီ တက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုးပြည်နယ်က ကင့်ပြည်နယ်တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိ ကန်ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲအများစုကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးမြောက်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေးသမားတွေကို ဗီယက်နမ်စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှုအကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင် သစ်ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါအစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခဲ့ပါ တယ်။ ဒါကြောင့် ပြင်သစ်တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရပြုတ်ကျခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလခတိုးတာ ကို ကန့်ကွက်ဆန္ဒပြပြီး ချီတက်နေတဲ့သတင်းတွေ တောက်လျှောက်ပါနေပါတယ်။ လန်ဒန်တက္ကသိုလ်၊ လန် ဒန်စီးပွားရေးတက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက်ကြပါ တယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင်လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ်တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံတခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာစာရွက် တွေ ဝေနေပါတယ်။ အသားညှပ်ပေါင်မုန့်ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီနေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟောလမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေးပေါ်လစီကတော့ အရာမ ယွင်းရှိနေဆဲဖြစ်ပါတယ်။ ကျောင်းလခတိုးတာကို ကန့်ကွက်ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှမထိရောက်ခဲ့ပါဘူး။ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းကအလုပ် ဖြစ်သွားပုံရပါတယ်။ သီးသန့် အပြောင်းအလဲတခုဖြစ်စေမယ့် နည်းနာမဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲဖြစ် ရေးအတွက် မဲပုံးနဲ့ မီဒီယာက အဓိကနည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲဖြစ်စေချင်လို့ လမ်း ပေါ်ထွက်အော်သူတွေဟာ ဒီထက်ပိုစွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေးတခု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်း ဆောင် တွေက လိုက်လျောခွင့်ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ်စစ်ပွဲဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက်ဆန္ဒပြခဲ့တာ ဘာမှအပြောင်းအလဲဖြစ်မသွားခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲပုံစံမျိုး လူတသန်းချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီးစိတ်မထက်သန်ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက်ပိုပြီး စွန့်စား ဖို့ လိုပါလိမ့်မယ်။ စီတန်းလမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင်တိုင်းပြည်တွေမှာတော့ စီတန်းလမ်းလျှောက်မှုကိုယ်တိုင်က အာဏာဖီဆန်တာ ဖြစ်နေပြီဆို တာ သတိပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက်အဖြစ် ထောင်နန်းစံရေး အလားအလာကို ထည့်သွင်းစဉ်းစားထားမှ နိုင်ငံရေးအပြောင်းအလဲအတွက် ချီတက်ဆန္ဒပြပွဲရဲ့ ဖိအားရလာမှာ ဖြစ်ပါတယ်။ ။

ဂါမဏိ
ရည်ညွှန်း ။ ။ မိုက်ကယ်ဂိုးလ်ဖာ့ဘ်၏ ၂၀၁၀ နိုဝင်ဘာ (၂၇) ရက် BBC ဆောင်းပါး

ခေတ်သစ်သို့ဆက်ရအောင်...

Monday, December 20, 2010

နီ… ဝါ… စိမ်း… တူတံစဉ် နှင့် ဒီဇင်ဘာစိတ်ဓါတ် (နိဂုံးပိုင်း)

ဒီမိုကရေစီ နှင့်ဆိုရှယ်လစ်ဝါဒ အကြောင်းကိုတော့ ရှေ့နေကြီးဦးကျော်လင်းနှင့် တွံတေး သိန်းဝင်း တို့က ပိုဆွေးနွေးပေးကြပါသည်။ မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်တပ်၏ ကောက်ကျစ်ယုတ်မာမှု၊ အာဏာမက် ဖက်ဆစ်ဆံစွာညှင်းပမ်းခံရမှုအချို့ကိုလည်း ကို ထွန်းကျော်ငြိမ်းနှင့် ကိုဘိုဘိုကျော်ငြိမ်းတို့ဖခင် ဦကျော်ငြိမ်းလည်း ခံစားရကြောင်းလည် ကြားသိခဲ့ပါသေးသည်။

သူတို့ ဖခင်၏တပည့်ဖြစ်ဘူးသော လက်ရှိထောင်ပိုင်ကြီးမက္ကနား၏ ကူညီမှုကြောင့် အ ထူးခန်းတွင် မိမိချစ်သူနှင့်တွေ့ခဲ့ရသည့် နှုတ်ဆက်အနမ်းများအကြောင်းကို အားပါးတရ ပြောပြတာ နားထောင်ခဲ့ရသေးသည်။ အိမ်မက်ကလေးများလည်း မက်နေများလား မ သိ။…. တော်တော်လေးပွင့်လင်းသည့် သူပင်။…ကံကောင်းကြသည့် ညီအကိုနှစ်ဦးပင်။

အိပ်နေသောသူများ မနိုး နိုးအောင်စချင်သောကြောင့်မိမိက အသံမြှင့်ဆိုလိုက်သည်။ စိုးကြီးက သတိပေးသည်။….ဝါဒါ လာပြောမှာလဲ သတိထားကြပါဦး တဲ့။

ဦးကျော်လင်းနှင့် တွံတေးသိန်းဝင်း ရှေ့နေကြီး နှစ်ဦးကတော့ ကိုတခြမ်းစောင်းလှည့်ပြီး ပြန်အိပ်သွားကြသည်။ ခဏကြာတော့ ဦးကျော်လင်းကြီးက ဟောက်သံ ပင်ပေးနေတော့ သည်။ ကိုဇော်ငြိမ်းလတ် နိုးသွားဟန်တူသည်။ နားလည်းငြီးသွားပုံရသည်။ အဟမ်း..အဟမ်း.. ဟု လုပ်ချောင်း ဆိုးသံ နှစ်ချက်ပေးပြီး တဖက်စောင်းအိပ်သွားပြန် သည်။

…..မိမိတို့ ….ပြုံးမိပြီး…………။

ဟေ့…ဟေ့….ဘုံနိုင်ငံဆိုတာ..ကွန်မြူနစ် နိုင်ငံထူထောင်မယ်လို့ ပြောနေသလား လို့ …

ကွန်မြူနစ်ကြောက်တတ်တဲ့ သူတွေလဲရှိနေတော့ ထွက်ပြေးနေကြဦးမယ်… ဒီတော့…ဒီတော့..

အကောင်းဆုံးက ဘုံနိုင်ငံအစား စီးဝါးလေး နဲနဲငဲ့ပြီးတော့ ဒီလိုတလုံးခြင်းဆိုကြည့်မယ်

ဒီ…….မို…..က….ရေ….စီ….၊

ဒီ……မို….က..ရေ….စီ….၊

ဒီ…မို…..က…….ရေ……စီ……..၊

နိုင်ငံတော်ကို..ထူထောင်ရ..ဦးမလေ….

လို့ ဆိုရင်ကောလို့ စောလှငွေ…ဥာဏ်ကြယ်လေးက အကြံပေးတော့ အားလုံးကသ ဘောတွေ့ သွားကြသည်။

နောက်တပုဒ်ကော…

ဒီဇင်ဘာစိတ်ဓါတ်… တဲ့

စည်းနဲ့ဝါး..တပြိုင်ထဲသွားရမယ်။

နောက်မကျရဘူ…..စုံစည်း..တက်သုတ်စည်းကွာ စိုးကြီးက သူ့ ဝသီအတိုင်း ခတ်ဆပ် ဆပ် လေးနဲ့

….ပုံ..ပုံ..ပုံ….ထီပုံထီး ထီပုံထီး..

ဒူးနှစ်ဖက်ကိုလက်နဲ့ ခပ်မြန်မြန်လေး စုံရိုက်ရင်း ပြိုင်တူပင်။

ဟေ..ဟေ..ဟေ….အဖိနှိပ်ခံကျောင်းတွေ…

အဖိနှိပ်ခံရဲဘော်တွေ ညီညာဖျဖျ သမဂ္ဂစိတ်ဓါတ်နဲ့သာလေ..

တိုက်မလေ.. ခိုက်မလေ … ပြည်သူ့ကျိုးတွက်ပေ …

ဟေ…ဟေ..ဟေ…အဖိနှိပ်ခံရဲဘော်တွေ…..

အဖိနှိပ်ခံကျောင်းသားတွေ…

ညီညာဖျဖျ.. သမဂ္ဂ စိတ်ဓါတ်နဲ့သာလေ..

ရှိအတူ…မရှိအတူ..ဝေမျှ…စားကြမလေ…။

ပြည်တခွင်မှာ..ငြိမ်းချမ်းညီညွတ်ဘို့ပါလေ…

ဒီဇင်ဘာကျောင်းသားလှုပ်ရှား မှုဟာလေ…

ဒီဇင်ဘာ…ကျောင်းလှုပ်ရှားမှုဟာလေ…

ပြည်တခွင်မှာ..ငြိမ်းချမ်းညီညွတ်ဘို့ပါလေ…

ပြည်သူတွေ….ထောင်သောင်းက …

ဒို့များဘက်မှာ..ရပ်တည်ကာနေ…

ပြည်သူများအတွက်ဆို…

နီ…ရဲ..သော..သွေး..ခင်း…လမ်း..ကို …

ဒို့တတွေ..

ဒို့တတွေ…

လျှောက်လှမ်းကြစို့ …

ငါတို့တတွေ…..။

အဲ့ဒါပြီးတာနဲ့ ကမ္ဘာမကြေ သီချင်းဆက်ဆိုမယ်ကွာတဲ့..။

သီချင်းတွေလဲ အလွတ်ရသွားပြီ၊ နေ့လည်အိပ်ချိန်လေးလဲ ကုန်သွားပြီ။ အိပ်နေတဲ့ သူ တွေလဲ နိုးလာကြပြီ။ တချို့က အပေါ့ထသွားကုန်ပြီ။ တချို့က ညနေ ရေချိုးချိန် စောင့် နေကြပြီ။ နာရီဝက်နီးပါးကြာလျှင် အဆောင်တံခါးဖွင့် ရေချိုးတော့မည်ဟုခန့် မှန်းပြီ၊ ယ္ခု တော့မှ မိမိတို့လေးယောက်က အိပ်ယာလေးတွေဆီ ပြေးမှိန်းကြသည်။

သီချင်းထဲက အလံ (၃) လက်ပြေးမြင်မိသည်။

နီ..ဝါ..စိမ်း အောက်ခံအလယ်မှာ အဖြုအောက်ခံစက်ဝိုင်းတွင် အနီရောင်တူတံစဉ် အလံ တလွင့်လွင့်နှင့်

သာသနာအလံ ကလည်း တလွင့်လွင့်နှင့်

ခွပ်ဒေါင်းအလံကလည်း တလွင့်လွင့်နှင့်

တကသ ဝင်းထဲတွင် လက်နက်များမြှောက်အောင်ပွဲခံနေပုံများ

ဝမ်းသာပီတိ မျက်ရည်များ…

(လေးဆယ့်ခြောက်နှစ်မြောက် ဦးသန်အရေးအခင်းနှင့် ပူပေါင်းပါဝင် လှုပ်ရှားခဲ့ကြသော ရဟန်ရှင်လူ ကျောင်းသားပြည်များအား လေးစားဂုဏ်ပြုဦးညွတ်ပါ၏)

မောင်မောင်တိတ် (မ.က.ဒ.တ)

ခေတ်သစ်သို့ဆက်ရအောင်...

နီ… ဝါ… စိမ်း… တူတံစဉ် နှင့် ဒီဇင်ဘာစိတ်ဓါတ် (၂)

ထောင်အတူ ကျခံခဲ့ကြသော ရဲဘော်များကိုတော့ မမှတ်မိတော့ပါ။ U S A ရောက် ကိုစိုး ညွန့် (PG 74 ) မှတ်တမ်းပေးပို့လိုက်တော့ ဝမ်းသာမိပြီးဖေါ်ပြလိုက်ပါသည်။ မန္တလေး ဆောင်နှင့် ဗဟိုကွန်ဗိုကေးရှင်းဆောင်မှ ခေါင်းဆောင်များ၊ အခြားသီးသန့်လှုပ်ရှား ရဲဘော်များမှာ…

(၁) ကိုကြည်ဝင်း (ဒု-သင်္ချာ ဝ-သ ဗဟို ဥက္ကဋ္ဌ )

(၂) ကိုစိုးတင့် (ပ-လုပ်သားကောလိပ် ပထမဆုံး ဗဟို ဥက္ကဋ္ဌ)

(၃) ကိုစိုးညွန့် -ပြောင်ကြီး (စ-ဘောဂဗေဒ -အတွင်းရေးမှုး စီးပွားရေးတက္ကသိုလ်-ဗဟို ဒု-ဥက္ကဋ္ဌ )

(၄) ကိုသက်လှိုင် (နောက်ဆုံးနှစ်-မြို့ ပြ-စက်မှုတက္ကသိုလ်…ဗဟို-အတွင်းရေးမှုး )

(၅) ကိုတင်မောင်ဦး (ဆလိုင်းတင်မောင်ဦး တ-သတ္တဗေဒ လွတ်မြောက်နေ- တရားပြေးကြေညာခံရ )

(၆) ဦး သီလစာရ (သရက်တောကျောင်းတိုက်…ဒေါ်လာ ဒေါ်ညာ ဟု နာမည်ကြီး ဆရာတော် )

(ရ) ဦးလာဘ ( အတွင်းရေးမှူး ဘဏ္ဍာ)

(၈) ဦး……………(…………………………)

(၉) ဦး……………(…………………………)

(၁ဝ) ဦး……………(…………………………)

(၁၁) မသင်္ဂီမြင့် (ကျူတာ စီးပွားရေး တက္ကသိုလ် …ပြန်လွှတ် )

(၁၂) မဌေးဌေးဝင်း (မိနော်) မဆလ ဆန့်ကျင်ရေးတရားဟောရာတွင် နာမည်ကြီးသည့် အသက် (၁၆) နှစ် မပြည့်သေးသည့်၊ အလယ်တန်းကျောင်းသူ၊ ထောင်ထဲတွင် တဦး တည်းကျန်ခဲ့သူ။)

(၁၃) ကိုကြည်လွင် (တ-သင်္ချာ ဘဏ္ဍာရေးမှူးဗဟို )

(၁၄) ကိုမောင်မောင်တိတ် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၅) ကိုစောလှငွေ (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၆) ကိုသောင်းအေး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင် )

(၁၇) ကိုမြင့်ဟန် (စ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၈) ကိုတင်စိုး (တ-စိတ်ပညာ စီ အီး စီ မန္တလေးဆောင်)

(၁၉) ကိုတင်စိုး (ခွေးသိုး) (စ-ဓါတု ဗဟို ထောက်ပံ့ရေးတာဝန်ခံ )

(၂ဝ) ကိုဌေးအောင် (သရဲလေး) (စ-မြန်မာစာ ဗဟို ပြန်ကြားရေး )

(၂၁) ကိုစိုင်းသိုက်နန်း (စ-ဘူမိဗေဒ ဗဟို လုံခြုံရေး)

(၂၂) ကိုထွန်းထွန်း (ဗကြည် ) (စ-ရူပဗေဒ ဗဟို လုံခြုံရေး )

(၂၃) ကိုဇော်ငြိမ်းလတ် (စ-သတ္တဗေဒ ဗဟို သတင်းပြန်ကြား)

(၂ ) ကိုအေးသိန်းအောင် (ရာကျော်) (စ-သင်္ချာ ဗဟိုလုံခြုံရေး )

(၂၅) ကိုမာန်းလ်ဗါလ်ထွန်း (ချင်း) စ-ရူပဗေဒ ဗဟို စည်းရုံး )

(၂၆) ကိုတင့်ဆွေ (ဒေါလ်ဖင်) (စ-သမိုင်း ဗဟို လုံခြုံရေး )

(၂၇) ကိုတင့်ဆွေ ( စ- သတ္တဗဟို )

(၂၈)ကိုသိန်းထွန်း (ဒု-ပညာရေး ဗဟို )

(၂၉) ကိုသိန်းဝင်း (စ-စက်မှုတက္ကသိုလ် ဗဟို)

(၃ဝ) ကိုသန်းလွင် (ဘုန်းကြီး သန်းလွင်) (စ-ဂျီ ဒီ အိုင် စီ အီး စီ မန္တလေးဆောင် )

(၃၁) (ဦး) တွံတေးသိန်းဝင်း (အထက်တန်းရှေ့နေကြီး)

(၃၂) ဦးကျော်လင်း (အထက်တန်းရှေ့ကြီး အင်းစိန်)

(၃၃) ဦးရဲထွန်း (အထက်တန်းရှေ့နေကြီး ဒေါက်တာာဘမော် သားမက် )

(၃) ကိုထွန်းကျော်ငြိမ်း (ဒေါက်တာ) တ.က.သ ဝင်းရှိ ဦးသန့် ဈာပနအားလာရောက် ဂါရဝ ပြုသူများကို စေတနာ့ဝန်ထမ်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး တ.က.သဝင်းအတွင်းဦးသန့် ဈာပနမြှုတ်နှံရန် မိမိတို့ နှင့်သဘောထားတူသူ။

(၃၅) ကိုဘိုဘိုကျော်ငြိမ်း(အင်္ဂျင်နီယာ) အကိုနှင့်အတူကူညီပေးနေသူ။

(၃၆) ကိုအင်ဒရူး (ဝ-သ ပန်းချီအသင်း… ပြန်ကြားရေးအဖွဲ့ ဝင်များ)ါ

(၃၇) ကိုရဲမြင့် (မန္တလေး-ဝ-သ ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ ဝင်များ)

(၃၈) ကိုတင်မောင်ဦး (ဗလ) ဝ-သ ပန်းချီအသင်း ပြန်ကြားရေးအဖွဲ့ဝင်များ)

(၃၉) ကိုမျိုးမြင့် (ပဲခူး) ဝ-သ ပန်းချီအသင်း-ပြန်ကြားရေးအဖွဲ့ ဝင်များ)

(၄ဝ) ကိုသောင်းတင် (ငတောက်) ( ရူပဗေဒ- ဗဟို လုံခြုံရေး)

(၄၁) ကိုကျော်စိုး (သင်္ချာ-ကိုကိုးကျွန်းပြန် ကို ဗဖူးညွန့် ညီ )

(၄၂) ကိုရဲမြင့်သန်း (ကိုရဲထွတ်) ( မဟာသိပ္ပံ )

(၄၃) ဦးစိန်ဟန် ( ဦးသန့် ဂူ ကြီးကြပ်ဆောက်ပေးသည့် ပန်းရံဆရာကြီး )

(၄၄) ကိုသောင်းဟန် ( ဝ-သ အနုပညာ အတွင်းရေးမှုး)

(၄၅) ကိုဝင်းနောင် (ပဲခူးရိုးမပြန်)

(၄၆) ကိုငြိမ်းဝေသစ် (ကဗျာဆရာ-အညာသား)

(…)………………………………..

စုစုပေါင်း ၅၂ ဦးဖြစ်ပါသည်။ ကိုဆလိုင်းတင်မောင်ဦး၊ကိုထွန်းအောင်ကျော် (မ က ဒ တ ဥက္ကဌ ဟောင်း)တို့ ၂ ဦးမှာ နယ်စပ်သို့ ထွက်လာခဲ့ကြသောကြောင့် လွတ်မြောက်ခဲ့ပါ သော်လည်း တရားခံပြေးများအဖြစ် ကြေငြာခံခဲ့ရသည်။ အခြားမမိသေးကျောင်းသား တို့ကိုလည်း တရားခံပြေးများအဖြစ်ကြေငြာခြင်းခံခဲ့ရပါသည်။

ထောင်ထဲမှာကျန်နေသော၊ ထောင်ချခြင်းခံခဲ့ရသော မိမိတို့မှာ…. ဘဝရဲ့တစိတ်တပိုင်း

လုပ်ဆောင်ခဲ့ရသည်ကို ကျေနပ်ခဲ့ကြပါသည်။ ပိုင်ပိုင်နိုင်နိုင်ထိထိမိမိ.. လုပ်နိုင်ခဲ့ကြသည် ဟုလည်း ထင်မှတ်နေကြပါသည်။ ပုဂ္ဂိုလ်ရေးအရကော၊ နိုင်ငံရေးအရရော၊ ဘာသာရေး အရပါ ကြည်ညိုချစ်ခင်လေးစားကာ၊ မိမိတို့နှလုံးသားများ၊ ရင်ထဲကသတ်မှတ်ထားသည့် ကမ္ဘာ့ ငြိမ်းရေးဖခင်ကြီး ဦးသန့် ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ဆောင်ရွက်ခဲ့နိုင်ရုံမ က သမိုင်းအစဉ်အလာကြီးမားသည် တကသ လွင်ပြင်ထဲတွင်လည်း အာဇာနည်ကုန်းရှိ (မြောက်ကိုးရီးယားမှ ဗုံးမခွဲမီက) ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ဂူအတိုင်း၊ ဒီဇိုင်းအတိ အ ကျနှင့် ကိုလတ်ကြီး (RIT) တို့နှင့် တိုင်ပင်ကာ ပြုလုပ်နိုင်ခဲ့ကြသည်။

ဤ တကသ လွင်ပြင်မှာပင် ဦးသန့် ပုံတူပန်းချီကားကြီး နောက်ခံထားပြီး ရင်ဖွင့်သံစင် မြင့်ကြီးကို ညီငယ်ကျောင်းသားများနှင့်အတူ ဆောက်နိုင်ခဲ့ကြသည်။ မဆလ ဆန်ကျင် ရေး တရားများလည်း လွတ်လပ်စွာဟောပြောနိုင်သာမက ကျောင်းသား၊ သံဃာ၊ အလုပ် သမားကိုစည်းရုံးလှုံဆော်နိုင်ခဲ့ကြသည့်… ပီတိကြည်နူးမှုများရခဲ့သောကြောင့်ဖြစ်သည်။

အသက်မသေသေးဘဲ ရှင်နေရခြင်း၊ ထောင်ကျရခြင်းပင်လျှင် မိမိတို့အတွက် ကံကြမ္မာ လေးက အလုပ်သမားအရေးအခင်းများ။ နောက် ၆ လ ကြာ မိမိတို့ ဦးသန့် ဈာပန အ ရေးခင်းကား ရင်တုန်ပန်းတုန် စရာပင်။ ဇွန် ၆ ရက်နေ့က ဆင်မလိုက်သင်္ဘောကျင်းတွင် ပြစ်ခတ်သွားသော သေနတ်သံများနှင့် ဘဝပျက်သွားသောအလုပ်သမားများတို့…. အ ဖြစ်အပျက်များကလည်း မြင်နေဆဲ ကြားနေဆဲ မို့ … မတတ်နိုင်ပါ။ မိမိတို့ အလှည့် ရောက်တော့လည်း အတတ်နိုင်ဆုံး သမိုင်းပေးတာဝန်ကို ယူခဲ့ကြရသည်။

ထိုအချိန်တုန်းက မိမိတို့အသက်တွေမှာ ၂၅ နှစ်ပင် မပြည့်တတ်သေး။ ထောင်ကျပြီးရင် ထောင်ထဲကအဆောင်တွေမှာ အလုပ်သမားခေါင်းဆောင်များနှင့် လည်းတွေ့ရဦးမည်။ အတွေ့အကြုံများလည်း ဖလှယ်နိုင်ကြဦးမည်ဟုလည်း တွေးထားကြသည်။ ယခု အ ဆောင် ၃ အထူးဆောင် အပေါ်ထပ်တွင် မိမိတို့ မန္တလေးဆောင်မှ စီအီးစီများ၊ ဗဟိုမှ စီ အီးစီများအပြင် အရပ်သားတချို့ ရှေ့နေ၊ ဆရာဝန်၊အင်ဂျင်နီယာ၊ ဝ-သ တက္ကသိုလ်မှ ကျောင်းတက်နေသူများ၊ စုစုပေါင်း ၃ဝ နီးပါးရှိသည်။

ထောင်ကျပြီးလျှင်ထောင်ဝင်စာ ၂ ပတ်တခါတွေ့ရတော့မည်။ ထောင်ဝင်စာတွေ့ရလျှင် အပြင်က မိသားစုများ၊ သူငယ်ချင်းများအကြောင်း ကြားရတော့မှာမို့ ပျော်ရွှင်စိတ်လေး များလည်း ရှိနေသေးသည်။……မိမိတို့ စိတ်ပညာ အဓိကမှကျောင်းသားကျောင်းသား(၅)ဦးတို့ မှာနယ်ကကျောင်းသားများ

ဖြစ်သောကြောင့်ထောင်ဝင်စာအခက်အခဲများရှိနေကြသည်၊သို့ သော် ရန်ကုန်မြို့ ပေါ်မှကျောင်းသား

အကြံအဖန်ကောင်းမှုများကြောင့်ထောင်ဝင်စာများလာပို့ သည်ကိုရခဲ့ကြသည်။…စုံပုံကာဝိုင်းစားသောက်

ခဲ့ကြသည်။….တချို့ ကတော့…သီးသန့် စားသောက်ကြသည်။…မိမိ တို့အခြင်းခြင်းလည်းနားလည်မှုရှိ

ခဲ့ကြသည်။….မိသားစုများကပေးပို့ ကြသည်မှာတဦးတယောက်စာသာဖြစ်သည်မဟုတ်ပါလား၊

မိသားစုထမင်းဝိုင်းထက်ပင်…ပိုမြိန်နေသလိုလို..ခံစားနေမိသေးတော့သည်။…အဲ့သည်တုန်းက..ပဲ

ပုံစံ ဟင်းကကောင်းသေးသည်။ယခုခေတ် ဆိုလျှင်တော့ (ရှယ်) ဖြစ်လေမလား….ရေကျဲပေမဲ့..ပဲနဲနဲပြစ်

နေသေးသည်။….ပဲဟင်းပေါ်တွင်ရေပေါ် ဆီ လေးများလည်းဝေ့ နေတတ်သေးသည်။….ရေပေါ်ဆီလေး

များကိုလု၍ခတ်တတ်သောသူ..(၂)ယောက်(၃)ယောက် ရှိသေးသည်။ ….အော်…ရေပ်ါဆီ လူတန်းစား

ဆိုတာ…ဒီလို မျိုးများ လားဟု ပြုံးပြီး…ရုတ်တရက်တွေးမိခဲ့သေးသည်။

(၃)ဆောင်နှင့်တိုက်(၁)၊(၂)၊(်(၅) ၊(၆) တို့ တွင်တချို့ ကျန်နေသေးသည်။သူတို့ လည်းထောင်ကျသွားပြီ

ဖြစ်လို့ မိမိတို့ နေသောအဆောင်ဆီသို့ ပြောင်းလာကြဦးမည်ဟု သိထားကြပါသည်။

စိတ်လေးတွေလဲနဲနဲပေါ့  သွားကြပါပြီ။( ၄ ) နှစ်၊(၅ )၊(၆)၊(ရ)၊(၈)၊(၉)၊(၁ဝ) နှစ် နှင့် အထက်ကျသူ

များကျန်ခဲ့သည်။မိမိတို့ ကဲ့သို့လက်ရှိကျောင်းတက်နေသူများကိုနဲနဲလေးညှာဟန်ရှိသည်။အပြင်မှနိုင်ငံ

ရေးအစဉ်လာရှိသူများ၊နိုင်ငံရေးသမားဟောင်းကြီးများ၏သားသမီးများ၊သခင်သားမီးများကတော့ထောင်

ဒါဏ် ပိုကြီးသည်။…ဘယ်လောက်ဘဲဖြစ်ဖြစ်…သူတို့ လည်းဂုဏ်ယူဝင့်ကြွားကျေနပ်နေကြပါသည်။

ဆက်လက်တင်ဆက်ပါအုံးမယ်…

မောင်မောင်တိတ်

ခေတ်သစ်သို့ဆက်ရအောင်...

နီ… ဝါ… စိမ်း… တူတံစဉ် နှင့် ဒီဇင်ဘာစိတ်ဓါတ် (၁)

ထောင်ကျသွားပြီဆိုတော့ … စိတ်ထဲမှာပျော်သလိုလို။ … ဒီလိုခံစားချက်များကို နိုင်ငံ ရေးနှင့် ထောင်ထဲရောက်ဘူးသူတိုင်း၊ ထောင်ကျဘူးသူတိုင်း ခံစားရလိမ့်မည်ဟု မိမိ တွေးကြည့်မိသည်။

ထောင်မကျမီ စစ်ဆေးရေးကာလများမှာ… တိုက်ပိတ်၊ စစ်ချက်ယူ၊ နေရာအပြောင်းအ ရွှေ့ သူတို့ကထောင်ချဖို့ ပုဒ်မ၊ ပုဒ်ထီး တွေရှာဖွေ။ လုပ်ကြံချက်တွေနဲ့ အလုပ်များနေတဲ့ နေ့တွေဟာ… မိမိတို့ အတွက်တော့မသက်သာလှပါချေ။

ခါးစောင်းသွားသူ၊ ဘတ်သီးတလုံးကြွမ်းသွားသူ၊ သွားကြိုးသူ၊ နံနိမ့်သွားသူ၊ ဆီးကြော ပိတ်သွားသူ၊ ပါးနှစ်ဖက်တွင် အာလူးသီးတွေထွက်သွားသူ၊ အစာငတ်ခံရသူ၊ ချီးစော်နံ သေးစော်နံ၊ ကြောင်တောင်တောင်၊ ငေါင်တောင်တောင် …စတဲ့ ကိုယ်စိတ်ဒါဏ်ရာတွေ က လွတ်လာပြီး ရှင်းရှင်းလင်းလင်းအဆောင်ပေါ်သို့ ရောက်လာခဲ့ကြောင့်ဖြစ်ပါသည်။ မရှင်းကြသေးသောသူများကား မရောက်လာသေး…။

ထောင်ကျဖို့ရက်၊ ရုံးထွက် ၊ စီရင်ချက်ချ၊ ပြစ်မှုအလိုက် ဖတ်ပြပြီးတော့ ပုဒ်မအလိုက် လူ စုံသွားတော့သည်။ အဲ့ဒီတော့မှသိရတော့သည်။ အော်ငါတို့ အမှုတွဲမှာ ပါလာတဲ့သူတွေ က သည်လူတွေကိုး…ဟု။……ဇာတ်ရည်လည်သွားကြသည်။

အင်း… မသေကြသေးဘူး ။ နောက်ပွဲဆက်တွေ…ကျန်သေး တာကိုး ဟုလည်းသက် ပြင်းချမိသေးသည်။ သင်ခန်းစာတွေရပြီး ပြင်ဆင်ရပေဦးတော့မည်။ အရှင်လတ်လတ် သည် ငရဲရက်တွေ ခံစားပေးပြီးရင် ရှေ့ဆက်လုပ်နိုင်ကြဖို့လည်း ပြင်ဆင်အားမွေးရင်း တိုက်ပွဲ ဝင် ရပေဦးမည်ဟုလည်း တွေးတောနေကြခြင်းလည်းဖြစ်ပါသည်။

ထောင်ထဲမှာနေခဲ့ရ၊ ထောင်တွင်းတိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံအဆင့်ဆင့်အရ သံ ယောဇဉ်ကြီးလွန်းအားကြီးသည်။ အတော်ခင်ကြသည်။ ထောင်ကထွက်လာပြီးနောက် အပြင်မှ ဆုံကြလာလည်ကြတော့ အသစ်တွေဖြစ်ရသည်။

အားပါးတရပြောကြဆိုကြနှင့် တတ်နိုင်တဲ့သူကကြွေးကြမွေးကြနှင့်။ နင်တို့ ထောင်ထွက် တွေဟာ ငါတို့မောင်နှမတွေထက်တောင် ခင်နေကြသလိုပါပဲလား။

ယုံကြည်ချက်တူ၊ ထောင်ထဲတိုက်ပွဲဝင်အတွေ့အကြုံ၊ ဖြတ်သန်းမှုများအရ။ ရဲဘော်စိတ် အပြည့်။ မတူလျှင်ကြရင်တော့ တမျိုးဖြစ်သွားကြသည်။ လမ်းမှာတွေ့တာတောင် နှုတ်မ ဆက်မိကြ။ ဒါကလည်းသဘာဝ ဖြစ်ပေမည်။ လက်တွေ့ဘဝထဲက ခံစားရတဲ့ စိတ်ဝေဒ နာ ဝတ္တရားတခု ပင်ဖြစ်ပေလိမ့်မည်။

ထောင်ကျသွားပြီဆိုတော့ သူတို့က တတ်နိုင်သလောက်စုထားကြသည်။ အထူးဆောင်အဆောင် ၃ အပေါ်ထပ်။ အခန်း ၃။ မိမိတို့ကို ထိုစဉ်က မဆလ သတင်း စာများကရေးကြသည်။ ကျောင်းသားဆိုးများ၊ ရဟန်းဆိုးများ ဟု ဦးသန့့် ဈာပနကို အ ကြောင်းပြုပြီး နိုင်ငံတော်ကိုဆူပူလှုပ်ရှားသူများဟုလည်း ရေးသားကြသေးသည်။

၁၉၇၄ ဒီဇင်ဘာ ၁ဝ ရက်ညတွင် ရန်ကုန်ပင်မ တကသ ဝင်းတွင်းတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဖခင်ကြီးဟု မိမိတို့ကြည်ညိုလေးစားသည့် ဦးသန့် အုပ်ဂူကြီးကိုမြှုတ်နှံပြီးစီးခဲ့သည်မှာ ၂ ရက်ရှိသွားပြီဖြစ်သည်။

အဲ့ဒီ ညမှာပင် အဓိပတိလမ်းမထိတ်တံခါးဝကြီးကို အတင်းဝင်ဖျက်ဆီး ဦးသန်အုတ်ဂူ၏ ကြီးကိုလည်း ဖျက်ဆီးကာ လုယူသွားပြီးနောက် တက္ကသိုလ်ဝင်းတွင်းရှိ၊ လာရောက် ဂါရ ဝပြုကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများသာမက၊ အရပ်ဝတ် စစ်သားများ၊ ပုလိပ်များ၊ အရာရှိများပါမကျန်စုစု ပေါင်း ၅ဝဝဝ ကျော်ကို ဖမ်းဆီးကာ အချုပ်ကားများ၊ တီးအီး အလဲဗင်း အမိုးပွင့် လော်လီကားများပေါ်တင်ပြီး၊ စစ်သုံးပန်းကဲ့သို့ ခေါင်းငုံ့ခိုင်း ကာ ကားပေါ်မှာပင် ရိုက်နှက်နှိပ်စက်သွားသည်ကို မြင်ရသော၊ ဒီဇင်ဘာ ၁၁ ရက် နံနက် ခင်းမြင်ကွင်းကိုမြင်ရသော ရန်ကုန်လူထုကြီးမှာ မခံမရပ်နိုင်ဘဲ ဒေါသထွက်ကာ၊ ကမာ ရွတ်မှစပြီး လူစုချီတက်သွားကြပြီး မြို့လည်ခေါင်တွင် လူအုပ်စုများလာကာ မီးပွိုင့်များကို ဖျက်ဆီး၊ ရုပ်ရှင်ရုံတရုံလည်း မီးရှို့လိုက်ပါတော့သည်။

သူတို့ ၅ဝဝဝ ကျော်ကိုလည်း တပ်ရင်းများဖြင့် လမ်းပိတ်ရိုက်နှက်ဖမ်းဆီးကာ ရန်ကုန် ထောင်ကြီးချုပ်၊ အင်းစိန်ထောင်၊ ရေကြည်အိုင်နှင့် အခြားထောက်လှမ်းရေး ထိန်းသိမ်း ရေးစခန်းများတွင် စစ်ဆေးကာ၊ စစ်ခုံရုံးများဖြစ် ထောင်ချပြီးနောက် ခံဝန်ချက်များဖြင့် အသုတ်လိုက် လွှတ်ပေးခဲ့သည်။ အဲ့ဒီတုန်းက ထောင်ကြမ်းခင်းဈေးက ၃ နှစ်ပဲ ရှိသေး သည်၊၊သူ့ အထက် မလွှတ်တော့ပါ။ စုစုပေါင်းလူ ၁ဝဝဝဝ ကျော်တွင် ၅၂ ယောက်ကျန်ခဲ့ သည်။ ပြဿနာရှာသူများဟုပင်။ အများဖြင့် လက်ရှိ ကျောင်းတက်နေကျသူများဖြစ်ပြီး အထက်တန်းရှေ့နေကြီးများ၊ ဆရာဝန်၊ အင်္ဂျင်နီယာ၊ ဆေးကျောင်းသားများ၊ ပညာရေး တက္ကသိုလ်၊ ဂျီတီအိုင်၊ အာအိုင်တီ၊ စီးပွားရေး၊ ပင်မတက္ကသိုလ်၊ အထက်တန်းကျောင်း သူများ၊ ရဟန်းတော်များပင်ပါသည်။

၁၉၇၅ ဧပြီလ ၇ ရက်နေ့တွင် နောက်ဆုံးပိတ်လက်ကျန်များကို အသင့်ရိုက်နှက်ထားပြီး သားစာရွက်များဖြင့် အင်းစိန်ထောင်ရှေ့တွင်စစ်ခုံးရုံး ၁၊၂၊၃ တို့ဖြင့် ထောင်ချခံခဲ့ရပါ တော့သည်။

မိမိကတော့ ၇ နှစ်ပေါက်ဈေး ဖြစ်သွားတော့သည်။ ဗိုလ်မှူးကြီး တင်ကိုကို၊ လေတပ်က တဦး၊ ရေတပ်ကတဦးတို့က စီရင်ချက်ချခြင်းဖြစ်ပါသည်။ ဦးခန့််၊ ဦးစံသာအောင်တို့အား သက်သေအဖြစ်ထားကာ၊ စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ကြသည့် ကိုသိန်းလှမောင်၊ ကိုဌေးအောင်၊ ကိုခင်မောင်လတ် တို့အားလည်း သက်သေအဖြစ်ထွက်ခိုင်းခဲ့ကြောင်း သိ ခဲ့ရပါသည်။ စာရွက်ပါအတိုင်း စွဲချက်ပေါင်း ၈၅ ခု၊ ရာဇသတ်ပုဒ်မကြီး ၆ ခုကျော်၊ နိုင်ငံ တော် အကြည်ညိုပျက်စေမှုများဖြင့် ချခြင်းဖြစ်သည်။ ဖတ်ပြပြီး နောက်ဆုံးဘာပြောချင် သေးလဲဟုဆိုတော့ မိမိက စိတ်ချဉ်ချဉ်နှင့် အမှားနှင့်အမှန်ကိုတော့ ဘာမှမပြောလိုပါ နောင် သမိုင်းနဲ့ပြည်သူက အဖြေပေးပါလိမ့်မယ်ဟု ပြောလိုက်ရာ ရှေ့နေကြီးကျော်လင်း က သွားပေါ်အောင်ပြုံးပြတာမြင်သွားပြီး အဆောင်အပြန်တွင် မပါလာတော့ပေ။ကျောင်း သားတွေကိုမြှောက်ပေးတယ်ထင်ပြီး ၆ တိုက်ခေါ် အမှောင်တိုက်ထဲ ရောက်သွားသည် ဟု သိလိုက်ရသည်။

ဆက်လက်တင်ဆက်ပါအုံးမယ်…

မောင်မောင်တိတ်

မကဒတ

ခေတ်သစ်သို့ဆက်ရအောင်...

Thursday, December 9, 2010

နေ.သစ် အင်တာနက်စာမျက်နှာ မှ ဆောင်းပါး

“သတိကြီးကြီးထား အင်အားကို တသားတည်းပြသရမယ့်အချိန်”


အခုအချိန်မှာတော့ မြန်မာနိုင်ငံပြည်သူလူထု ကြီးက တိုင်းပြည် ကို ဘယ်သူဦးစီးခေါင်း ဆောင်စေချင်တယ်ဆိုတာ၊ ဘာကို ပြင်းပြင်းထန်ထန် လိုလားတောင်းတနေတယ်ဆိုတာ မြင်သာထင်ရှားဖြစ်လာပါပြီ။ တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍမှာပါ ၀င်ချင်တယ်ဆိုရင် ပါဝင်နိုင်လောက်တဲ့ အရည်အချင်း ကိုယ်ကျိုးစွန့်အနစ်နာခံမှု တရား မျှတမှု မေတ္တာတရား သစ္စာတရား တွေရှိရပါမယ်။အဓိကကတော့ တိုင်းပြည်တပြည် ရဲ့ အာဏာစီးဆင်းရာ၊ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကြီးရဲ့ နှစ်လိုမှု ယုံကြည် ထောက်ခံမှုပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချက်ကိုရယူဖို့ ဆိုတာလည်း ပထမအချက် တွေမရှိဘဲမရနိုင်ပါဘူး။ ဘယ်နှစ်ရာနှုံးပေးရမယ်ဆိုပြီး လက်နက်အားကိုးနဲ့ အတင်းယူ ရင်တော့ ဓားပြတိုက်တာပါပဲ။ ဓားပြဟာဓားပြပဲ ဖြစ်ပါတယ်။

အခုကျနော်တို့မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေကို ဘယ်သူရရှိထားပါသလဲ။ စုံစမ်းရေး ကော်မရှင်ဖွဲ့နေစရာ မလိုပါဘူး။ကြည့်သောသူသည်မြင်၏ ဖြစ်ပါတယ်။ တိုင်းပြည်တ ပြည်ရဲ့အာဏာကို လက်နက်အင်အားနဲ့လုယူပြီးပြည်သူလူထုကြီးတရပ်လုံးကို သေနတ် မိုးအုပ်ချုပ် ကိုယ့်နဲ့သဘောထားဆန့်ကျင်ကွဲလွဲသူတွေကို တရားလက်လွတ် နှိပ်စက် ညှင်းပန်းပြားပြားမှောက်နေရအောင်လုပ်နေတဲ့ လုပ်ရပ်ကတော့ ဘယ်ခေတ်ဘယ် အခါ ကပဲဖြစ်ဖြစ် အဓမ္မ မှုသာဖြစ်ပါတယ်။ လူသားတွေရဲ့ ဂုဏ်သိင်္ခါအရ အလွန်ရိုင်းပြ မဖွယ် ရာတဲ့အပြုအမူ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့မင်္ဂလာတရားတော်နဲ့မညီညွတ်သလို အဆုံးအမသြ၀ါ ဒတွေနဲ့လည်း မညီညွတ်ပါဘူး။ လူရိုင်းတွေ လူရမ်းကားတွေ လူမိုက်တွေရဲ့ လုပ်ရပ်ပါ။ အဲဒီလုပ်ရပ်တွေကို စဉ်ဆက်မပြတ်လုပ်နေသူတွေဟာ ဘယ်သူတွေပါလဲ။ ဒါကို ကျနော် တို့တိုင်းပြည်ကတိုင်းရင်းသားလူမျိုးစုတွေအပါအ၀င် ပြည်သူလူထုအားလုံးက မျက်ဝါး ထင် ထင်တွေ့မြင်ခဲ့ကြ၊ တွေ့မြင်နေရဆဲဖြစ်ပါတယ်။ ဘယ်သူကမှားလို့ ဘယ်သူတွေက မှန်ပါသလဲ။ သာမန်အသိတရားနဲ့တင် မြင်သာထင်ရှားဖြစ်ပါတယ်။

ဘယ်သူ့ဘက်ကရပ်ကြမှာပါလဲ။

ကျနော်တို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့နောက် ပြည်သူလူထုကြီးရဲ့ ကြိုဆိုလက်ခံပုံ ထောက်ခံအားပေးပုံ ဆန္ဒသဘောထားပြသကြပုံ တွေကို တွေ့ရတဲ့အခါ တိုင်းပြည်အတွက် အပြောင်းအလဲတခုကို တကယ်တန်းပြောင်း လဲလို့ ရနိုင်လောက်အောင် အင်အားကောင်းတယ်ဆိုတာကို တွေ့ရပါတယ်။ ပြည်သူလူ ထုကိုပြောကြားလိုက်တဲ့ လူထုခေါင်းဆောင်ရဲ့စကားဟာလည်း အင်မတန်မှန်ကန်ထိ ရောက် တိကျပါတယ်။ ဒီမိုကရေစီဟာ တဦးတယောက်တည်းအတွက် တဦးတယောက် ထဲက လုပ်လို့မရပါဘူး။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှ ရပါမယ်။ ပါဝင်ဆောင်ရွက် ကြပါ၊ ထောက်ခံနေရုံနဲ့မရပါဘူး။

ကိုယ်လိုလားတဲ့အရာကို ရအောင်လုပ်ရဲမှ၊ လုပ်တတ်မှ၊ လုပ်မှလည်းရနိုင်ပါလိမ့်မယ်လို့ ပြောသွားခဲ့တာပါ။ ဒါကို ကျနော်တို့ ပြည်သူလူထုတွေ နားလည်ကြမှာပါ။ အားတက်စရာ တွေမြင်ရကြားရသလို အားပျက်စရာ စိတ်ပျက်စရာတွေကိုလည်းတွေ့ရ ကြားရပါတယ်။ ရွေးကောက်ပွဲကြိုကာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမ၀င်၊ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ပါတီခေါင်းဆောင်တဦးတည်းရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊ ဗဟိုအလုပ်အမှု ဆောင် ကော်မီတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ လူများစုသဘောထား ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အသိတရားအတွေးအခေါ်အရ၊ လူတန်းစားစရိုက်သဘာဝအရ ပကတိရှိနေတဲ့အခြေအနေအရ ကွဲပြားကြလို့ အားလုံးမဲမပေးရေးဆိုတာကို မရနိုင်ပေ မယ့် မဲမပေးရေးလှုပ်ရှားမှုဟာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပါတီ တခုထဲက တကယ်တန်းတာဝန်ကြီးသူတွေ၊ အတိုင်းအတာတခုထိ လူထုရှေ့က ရပ် တည် ဦးဆောင်ခဲ့သူတွေကိုယ်တိုင်က ရွေးကောက်ပွဲဝင်ဖို့ ပါတီခွဲထောင်လားထောင်ရဲ့၊ တချို့ပါတီခေါင်းဆောင်ဆိုသူတွေကလည်း လူထုကိုမဲပေးဖို့၊ မဲမပေးရင်ဘဲ ရထားတဲ့အ ခွင့်အရေးကိုအဆုံးရှုံးခံလိုက်သလို တိုက်တွန်းပြောဆိုခဲ့တာတွေ ကြားခဲ့မြင်ခဲ့ရပါတယ်။ ဒါဟာဘာကိုပြနေခဲ့သလဲဆိုရင်….

တိုင်းပြည်စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်ဖို့ ယုံကြည်အားထားထိုက်တဲ့ ဦးဆောင်ပါတီနဲ့ ပါတီခေါင်းဆောင် လူထုခေါင်းဆောင်တယောက်ရဲ့ တိုက်ပွဲလမ်းညွှန်မှု ကို မနာခံမလိုက်နာတာကို ပြသတာပါပဲ။ တကယ်လို့များ အားလုံးတညီတညွတ်တည်း ရွေးကောက်ပွဲမှာ တင်းခံ မဲမပေးဘဲနေခဲ့ကြမယ်ဆိုရင် အကျိုးရလဒ်ဟာ အနေအထား တမျိုးဖြစ်သွားမှာဖြစ်သလို နိုင်ငံရေးအခင်းအကျင်းလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ တိုက်ပွဲပုံသဏ္ဍန်လည်း ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်…

ခုတကြိမ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကပြည်သူလူထု ယုံ ကြည်ရွေးကောက်တင်မြှောက်ခဲ့တဲ့ ကိုယ်စလှယ်ကြီးတွေ တိုင်းရင်းသားကိုယ်စလှယ် ခေါင်းဆောင်တွေက ဒုတိယပင်လုံလို့ခေါ်နိုင်တဲ့ လူမျိုးစုံညီလာခံကြီးတခု ဖြစ်မြောက် အောင်မြင်အောင်ကျင်းပပြီး ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက် ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွတ်မြောက်ခါစပဲရှိသေးပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းမွန်တဲ့ လုပ်ငန်းဖြစ်လို့ တာဝန်ဟာကြီးမားလေးလံလှပေမယ့် တတ်နိုင်သမျှကြိုး စားလုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးစကား ပြောကြားခဲ့ပါတယ်။

အလွန်ခေါင်းဆောင်ကောင်းပီသသလို ရဲရင့်ပြတ်သားပါတယ်။ ဒါဟာ စစ်အာဏာရှင် တွေ ဆတ်ဆတ်ထိမခံတဲ့ကိစ္စဖြစ်မှန်း လူထုခေါင်းဆောင်ကသိပါတယ်။ သိသိကြီးနဲ့ကို ဒီတာဝန်ကိုလက်ခံခဲ့တာပါ။ ဒီတာဝန်ဟာ တကယ်လည်းခက်ခဲ အန္တရယ်များပါတယ်။ အလွန်သတိထားပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စပါ။ ဒါပေမယ့် မဖြစ်နိုင်ဘူးတော့မဟုတ် ပါဘူး။ ဖြစ်အောင်အားလုံးတညီတညွတ်တည်းဝိုင်းဝန်းဆောင်ရွက်ကြရမှာပါ။ဒီအချိန်မှာ ပဲ ရွေးကောက်ပွဲဝင်တိုင်းရင်းသားပါတီတခုက ခေါင်းဆောင်တစုက အချိန်မတိုင်သေး ဘူး စောသေးတယ်လို့ ထုတ်ဖော်ပြောဆိုလာတာကို တွေ့လာရပါတယ်။

တချို့ရွေး ကောက်ပွဲဝင်ပါတီခေါင်းဆောင်တချို့ကလည်းပြောလာပါတယ် အကြောင်းပြ ချက်တွေ ကိုယ်စီနဲ့ပေါ့လေ။ စစ်အစိုးရက ဦးဆောင်ပြီးပင်လုံညီလာခံလို ညီလာခံမျိုး ကျင်းပပေးမယ့် အချိန်ကိုစောင့်မှာလား။ စစ်အရေခွံလဲ အစိုးရသစ်ရဲ့လွှတ်တော်ထဲ ရောက်မှ အသနားခံပြီးပြောကြမှာလား၊ ခုတော့ လွှတ်တော်ထဲမှာဘာမလုပ်ရ လုပ်ရင် ထောင်ဒဏ် ဘယ် လောက်ဆိုတာ စတွေ့လာရပါပြီ။ ရွေးကောက်ပွဲဝင်ပါတီတွေ၊ အနိုင်ရ ပါတီတွေ ကိုယ်စ လှယ်ဆိုသူတွေစဉ်းစားကြပါလေ။

ကျနော်တို့လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်မှ လုပ်ရဲမှ လုပ်မှ ရမယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ အလွန်မှန်ကန်ပါတယ်။ အဲဒီအတွက် အချိန်ကိုက်ဆုံးဖြတ် တတ်မှလည်းဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီမနက် အယ်လ်ဂျာဇီးယား သတင်းဌာရဲ့အစီအစဉ်တခုမှာ Procrastination အကြောင်းခေါင်းစဉ်တင်ပြီး ပညာရှင်များဆွေးနွေးသွားတာကို တပိုင်း တစနားထောင်လိုက်ရပါတယ်။ မှတ်သားစရာတွေပါပဲ။ စကားပုံလာအတိုင်းကတော့…

“Procrastination is the thief of time.” ဖြစ်ပါတယ်။

ကျနော်ရေးခဲ့ဖူးတဲ့ဆောင်းပါးတပုဒ်မှာလည်း (ခေါင်းစဉ်တော့မမှတ်မိတော့ပါ) တော်လှန် ရေးခေါင်းဆောင်ကြီးတယောက်ရဲ့ အဆိုအမိန့်တခုကို သတိပြုဆင်ခြင်နိုင်ကြဖို့ ပြန်ပြီး ဖော်ပြပေးခဲ့ဖူးပါတယ်။

“ဆုံးဖြတ်တတ်ခြင်းသည် သားကောင်ကို ကုတ်ယူသောသိန်းငှက်၏ အချိန်ကိုက်ထိုး သုတ်ခြင်းနှင့်တူသည်။”

အဲဒီစကားပါ။

စိုးနေလင်း

ခေတ်သစ်သို့ဆက်ရအောင်...

ဆင်ဆာဖြတ်ခံရသောဆောင်းပါး-၁

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဥာဉ်ဖြစ်တယ်။ အသက်ကို စောင့် ရှောက်သလို၊ ဂရုတ စိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုး ထား အလေးအမြတ်ပြုရတယ်။

အရှိကိုအရှိအတိုင်းကြည့်
သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင် တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်တဲ့ အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့ သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။ ဆိုရှယ်လစ်စကား လူတိုင်း ပြော နေတဲ့ အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့ စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တစ်ပါးရဲ့ အမြင်တွေက၊ နှစ်ဆယ်ရာစု လူမှုတော်လှန် ရေးသမားတစ်ယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရ တာ ပေါ့ပျက်ပျကဖြစ်ပြီး ၀တ္ထုအနေနဲ့လည်း မကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။

အကွဲတွေမီးမောင်းထိုးပြ
အသုံးမကျရုံဆို တော်သေးတယ်။ တစ်ချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။ အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့ အပိုင်းကို မဖော် ပြကြဘဲ၊ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ်အကွဲ၊ ကွန်မြူနစ်ပါတီ အကွဲ၊ တည်မြဲသန့်ရှင်းအကွဲ၊ ဦးဗိုလ်သခင်အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။

မြန်မာမျိုးချစ်ကြီးများရဲ့ဝံသာနု
ဖဆပလမတိုင်မီ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန် မာမျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ၀ံသာနုရက္ခိတ စိတ်ဓါတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ် နေကြတယ်။ သင်ခန်းစာ ထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ၊ အခုနှစ်ဆယ့်တစ်ရာစု အမြင်နဲ့ ရှုမြင် သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့ မေးတော့၊ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ သင် ခန်းစာ ယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ်ပေးကြတယ်။

ခုတ်ရာတခြားရှရာတခြား
ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကို ဖတ်ပြီး၊ စာဖတ်သူများရဲ့ အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ် သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ် နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက် စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ် ထွက်လာစေတယ်။ ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်း ကြောင်းစာတွေ၊ ကာတွန်းတွေ ကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြု ကြတဲ့ “ရဲဘော်သုံးကျိပ်” ဆိုတာ အားလုံးနိုင်ငံရေးသမား သခင်တွေဘ၀က ဗိုလ်ဖြစ်လာကြ တယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှမကောင်း ဘူးဆိုတဲ့ စကားကို ဟိုးတစ်ချိန်တုန်းက ဂိုဏ်းအုပ်စုတစ်ခုက လူပုဂ္ဂိုလ်တစ်ချို့နဲ့ စာရေး ဆရာတစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော်လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။

မတူညီမှုများဖြင့်ပေါင်းစည်းမှု
ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပါယ်ကောက် လွဲပြီး တစ်လွဲဆံ ပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝ တရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေး ထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှု ကို အခြေခံထားတာဖြစ်တယ်။ ဒါကြောင့် လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာ ကြီး ဖြစ်နေတာပါ။ တစ်ရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေ တော့မှာလဲ။ ကွဲပြားခြားနားခြင်းဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ် သလို စက်ဆုပ်စရာလည်းမဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက် ခိုက်ကြတာမဟုတ်ဘူး။ “မတူညီမှုများ ၏ ပေါင်းစည်းမှု” သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။

ရန်ဖြစ်တာမပြည့်ဝလို့
အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆို တာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ရေကိုသား လို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တ ကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သား တည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင် တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ သတိ ထား သုံးသင့်တယ်။

အစွဲတွေချွတ်ပစ်ရမယ်
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ်ငါးဆယ်နီးပါး တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုက ရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့ တာစူနေတဲ့ အချိန် ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ၊ ကိုယ်နဲ့ မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစ်စုနဲ့ပဲ ဆိုင်တယ်၊ ၀င်မစွက်နဲ့ ၀င်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေး သမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။ တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ အားတက်သရော၊ တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လိုဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှ မအောင်မြင်နိုင်ဘူး။

ကျေးဇူးမမေ့သင့်
ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင် ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည်သူရဲကောင်းများရဲ့ ကျေးဇူးကို လည်း မမေ့သင့်ကြပါဘူး။

လူထုစိန်ဝင်း
အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၀ပြည့်နှစ်။

ခေတ်သစ်သို့ဆက်ရအောင်...

Friday, December 3, 2010

မပြယ်သောမေတ္တာပန်း

ဖတ်ပြီး ရင်ထဲမှာ လှိုက်ကနဲခံစားရလို.ကူးယူဖေါ်ပြပေးလိုက်တာပါ။ အထူးသဖြင်. န.အ.ဖ ရဲ. အချူပ်အနှောင်ခံရဘူးသူတိုင်းအတွက်ပေါ.။



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။




(၁)
ကင်မရာချောင်းကြည့်ပေါက် (view finder)မှ ကြည့်နေသော ကျနော့မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီလာသည်။ ကျနော်သာ ကျနော့်အမေနှင့် ၁ဝနှစ်ကျော်ကြာ ခွဲခွာဝေးနေခဲ့ရလျှင်၊ ကျနော့်အမေသာ သူ့သားကျနော်နှင့်၁ဝ နှစ်ကျော်ကြာ ရှင်ကွဲ ခွဲနေခဲ့ရလျှင် ကျနော်တို့ သားအမိ မည်သို့ ခံစားရမလဲဆိုသည့် အတွေးနှင့် အမျိုးအမည် ဖော်ပြမတတ်နိုင်သော ဝေဒနာတရပ် ရင်ထဲတွင် ဆို့နစ်လာသဖြင့် မျက်ရည်စို့လာသည်။

ထိုသို့ ဆို့နစ်စရာအတွေး ပေါ်လာစေသည့် မြင်ကွင်းကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့သားငယ် ကိုထိန်လင်းတို့ ရန်ကုန်လေဆိပ်၌ ပြန်ဆုံကြသည့်နေ့က ဖြစ်သည်။ သားငယ်ကို လာကြိုမည်ဆိုသည့် သတင်း
ကြားရသဖြင့် ရန်ကုန်လေဆိပ်သို့ မနက်စောကတည်းက ကျနော်တို့ သတင်းသမားများ ရောက်နေခဲ့ကြသည်။ နံနက် ၇နာရီခွဲခန့် အမေစု ရောက်လာချိန်တွင် ဓာတ်ပုံ အလုအယက် ရိုက်ကြသည့် တရုန်းရုန်းနှင့် သတင်းသမားများကြောင့် ရန်ကုန်လေဆိပ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

“အထဲထိ ဝင်ရမှာဆို မှတ်ပုံတင် လိုမှာပေါ့နော်၊ ဒုက္ခဘဲကျမ မှတ်ပုံတင် မေ့လာခဲ့တယ်” ...
“ကျမဘယ်နားက ကြိုရမှာလဲဟင်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေးကို “အမေဒီနားမှာ ခဏ ထိုင်စောင့်ပေးပါ ခင်ဗျာ”ဟု လေဆိပ် လုံခြုံရေး ဝန်ထမ်းတဦးက တလေးတစား ပြောသံကို တွေ့မြင်ကြားခဲ့ရသည်။ တအောင့်အကြာ အခြား လုံခြုံရေး ဝန်ထမ်းတဦးက လေဆိပ်အတွင်းပိုင်းထိ ဝင်ကြိုနိုင်ပါကြောင်း တလေးတစား လာခေါ်လေသည်။

“အထဲထိ ဝင်ရမှာဆို မှတ်ပုံတင် လိုမှာပေါ့နော်၊ ဒုက္ခဘဲကျမ Dsskson2sssssမှတ်ပုံတင် မေ့လာခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောလျှင် လာခေါ်သည့် လုံခြုံရေးဝန်ထမ်းက မလိုပါကြောင်း ဝင်ခွင့် လုံခြုံရေးကတ် လုပ်ပေးထားပါသည်ဆိုပြီး ကတ်ထုတ်ပေးကာ ချိတ်ဆွဲရန်ပြောပြီး အတွင်းသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ကောင်တာနှင့် မလှမ်းမကမ်း၌ ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ကာ သူချစ်သော သူ့ကိုချစ်သော ပြည်သူတို့၏ အမျိုးမျိုး မှတ်ချက်ပြုသံများက-
“ကျက်သရေ ရှိလိုက်တာနော် ကျန်းကျန်းမာမာဘဲ”
“ဒေါ်စုကတော့ ပန်းပန်လျက်ပါဘဲကွာ”
(အမေစုသည် ထိုနေ့က ပန်းရောင်နှင့် အဝါရောင် နှင်းဆီပန်း ရှစ်ပွင့်ကို နောက်တွဲဆံထုံး ဘေးပတ်လည် ပန်လာခဲ့သည်။)
“နှစ်ရှည်လများ ကွဲကွာနေတဲ့ သားကို လာကြိုတာတောင် တည်တည်ငြိမ်ငြိမ်နဲ့
နေနိုင်တာ ချီးကျူးစရာပါဘဲကွာ”
သတင်းဓာတ်ပုံများ ရရှိရေး တဖျတ်ဖျတ် ရိုက်နေကြသော သတင်းသမားများကို ကြည့်ကာလည်း-
“ဂျာနယ်တွေကတော့ သတင်းတွေ ဓာတ်ပုံတွေ ဖော်ပြနိုင်အောင် ကြိုးစားပမ်းစား လုပ်နေကြတာဘဲ ပြီးရင် သူတို့ ဂျာနယ်တွေဘဲ အပိတ်ခံကြရတာ”

သတင်းဓာတ်ပုံ ရိုက်နေကြသော ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူများကို လေဆိပ် လုံခြုံရေးများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူးစုံစမ်းရေးရဲများက
ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်တမ်း ယူနေသည်ကိုလည်း ပြည်သူတဦးက-
“အမလေး အမေစုကို မမြင်တာကြာလို့ ပြန်ထွက်လာပြီးမှ မတွေ့ဖူးသေးလို့ လမ်းကြုံတွေ့တုန်း ကြည့်မိတာပါတော် အမှုတော့ မလုပ်ပါနဲ့” ဆိုကာ ထွက်သွားခဲ့၏။

လေဆိပ်တွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများလည်း ဒေါ်အောင်ဆန်းစုကြည်လာသည်ကို တွေ့မြင်ကြရကာ ဝမ်းသာကြည်နူးကြပုံများ အထင်းသား တွေ့ခဲ့ရသည်။ ဝန်ထမ်း ယူနီဖောင်းနှင့် တာဝန်ချိန်အတွင်းဆိုသည့် အသိက သူတို့ကို အဟန့်အတား ဖြစ်နေစေခဲ့သည်ကို နားလည်ပေသည်။ အနီးနားထိ လာမကြည့်ရဲဘဲ အဝေးမှသာ လှမ်းကြည့်ကာ အမျိုးမျိုး ဝေဖန်မှတ်ချက် ပြုနေသည်ကို တွေ့ခဲ့ရသည်။ ခဏအကြာ ကြောက်စိတ်ကင်း ရဲတင်းလာသော အချို့ ဝန်ထမ်းများက သူတို့တွင်ရှိသော ဟန်းဖုန်း ကင်မရာများဖြင့် ဝမ်းသာအားရ အမှတ်တရပုံ လှမ်းရိုက်ကြသည်ကိုလည်း မြင်ခဲ့ရ၏။

မမစု အကျဉ်းအကြပ်ခံနေရစဉ်က အမြန်လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ကာ ရွှေပေါ်ကျွန်း သာသနာ့နယ်မြေတွင် ဆရာတော်ဘုရားကို သိက္ခာထပ်ပေးခဲ့ကြောင်း ...
၇နာရီ ၄၅မိနစ်တွင် ကိုထိန်လင်း လိုက်လာသော MAI လေယာဉ် ဆိုက်လာကာ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် လိုအပ်သော စစ်ဆေးမှုများအပြီး တာဝန်ရှိသူများက သူ့အမေရှိရာ ခေါ်လာပေးသည်။ သားအမိနှစ်ဦး ဝမ်းသာအားရ တွေ့ဆုံ ပွေ့ဖက်အပြီး ကိုထိန်လင်းက အပေါ်အင်္ကျီချွတ်ကာ သူ့လက်မောင်းတွင် ထိုးလာခဲ့သော NLD အလံ ဆေးမှင်ကြောင်ကို ပြလေသည်။

လေဆိပ်အတွင်းပိုင်း ကာထားသည့် မှန်ကိုဖြတ်ကာ အပြင်မှ ကြည့်နေကြသူများလည်း သူ့တို့သားအမိ၏ အပျော်အပြုံး ကြည်နူးမှုများကို ထပ်တူ ခံစားခဲ့ကြရမည်ကို အတတ် ပြောနိုင်ပေသည်။

သားငယ်ကို ကြိုအပြီး ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို သားငယ်နှင့် တွေ့ဆုံရ၍ အထူးဝမ်းသာ ပျော်ရွှင်မိကြောင်း၊ သားငယ်ကို ပြည်ဝင်ခွင့်ပြုသည့် တာဝန်ရှိ အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ပြောသွားခဲ့လေသည်။ ၈နာရီ ဆယ်မိနစ်ကျော်တွင် ဒေါ်စုနှင့်သားငယ်တို့ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ထွက်သွားလေသည်။

(၂)
နောက်တနေ့မနက် ရွှေတိဂုံဘုရား တက်ဖူးမည်ဆိုသည့် သတင်းရသဖြင့် မနက်အစောထကာ ဘုရားတက်ပြီး သူ့မွေးနံ အင်္ဂါထောင့်ရှိရာတောင်ဘက်မုခ်တွင် စောင့်နေခဲ့သည်။ မြောက်ဖက်မုခ်က တက်ဖြစ်မည်ဆိုသည့် ဖုန်းသတင်း ဝင်လာချိန် မြောက်ဖက်မုခ် ပြေးစောင့်ရပြန်သည်။

daw-aung-s-suu-kyi-and-sonsမြောက်ဖက် ဓာတ်လှေကား အဝင်တွင် ပြည်တွင်းပြည်ပ သတင်းသမားများ စုရုံးရောက်လာကြကာ တဖြေးဖြေး စည်ကားလာသည်။ နံနက် ၇နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိန်လင်း၊ ဒေါ်ခင်ခင်ဝင်း၊ မဖြူဖြူသင်း၊ ဒေါ်စုအိမ်ကို ပြင်ပေးနေသော ဆရာကြီး မင်းသုဝဏ်သား ဆရာဒလဘန်းနှင့် ဦးလွင်သမီးတို့ ဇနီးမောင်နှံ၊ NLD လူငယ်အဖွဲ့ လုံခြုံရေးများ ခြံရံသော ဘုရားဖူးအဖွဲ့ မြောက်ဖက်စောင်းတန်းအတိုင်း တက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဘုရားလာဖူးသည်ကို သိသွားကြသော စောင်းတန်းမှ ပန်းသည်များက ဘုရားပန်းများ ဓမ္မဒါန ပေးနိုင်ရန် တန်းစီစောင့်နေကြလေသည်။ ဘုရားပန်း လက်ဆောင်များကို ကျေးဇူး အထူးတင်ကြောင်း ပြောကာ ဒေါ်စုက လက်ခံယူလေသည်။ မြောက်ဖက် စောင်းတန်းမှ အထွက် ရင်ပြင်ပေါ်အရောက် ဘုရားဖူး အမျိုးသမီးကြီးနှစ်ဦးက လုံခြုံရေးအကာကို အတင်းဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်လာပြီး သူတို့တဘက်ခြုံထည်များကို ဒေါ်စုဘုရားဖူးကန်တော့ရန် ကိုယ်တိုင် ခြုံပေးကာ ဓမ္မလက်ဆောင် ပေးပြန်လေသည်။

ဘုရားကို ပတ်ဖူးနေစဉ် ရင်ပြင်တော် တနေရာအရောက် အမျိုးသမီးကြီးတဦး ဝင်လာကာ ဒေါ်စုလက်ကိုဆွဲလျက် မမစု အကျဉ်းအကြပ်ခံနေရစဉ်က အမြန် လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ကာ ရွှေပေါ်ကျွန်း သာသနာ့ နယ်မြေတွင် ဆရာတော်ဘုရားကို သိက္ခာထပ်ပေးခဲ့ကြောင်း၊ ကုသိုလ် ကောင်းမှုများပြုကာ အမြန် လွတ်မြောက်ပါစေရန် အမြဲ ဆုတောင်းပေးကြောင်း၊ ထိုကုသိုလ်များကို သာဓုခေါ်နိုင်ပါရန် အမျှဝေပါကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က သာဓုခေါ်ခဲ့လေသည်။ ဝမ်းသာဝမ်းနည်း ခံစားနေရသော ထိုအမျိုးသမီးကြီးက အမြဲ ကျန်းကျန်းမာမာနေနိုင်ကာ တိုင်းပြည်နှင့် ပြည်သူအကျိုး ဆောင်ရွက်နိုင်ပါစေ၊ အခက်အခဲများ အောင်မြင် ကျော်လွှားနိုင်ပါစေ ဆုတောင်းပေးပြန်ရာ ဒေါ်စုက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်ဟု ပြန်ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူးလာသည်ကို သိသွားကြသော ဘုရားဖူး ပရိသတ်လည်း အနောက်မှ တကောက်ကောက် လိုက်လာကြရာ ကျနော်တို့ သတင်းသမားများနှင့် တရုန်းရုန်း ဖြစ်ကုန်တော့သည်။ “သတင်းထောက်တွေ ဘုရားဖူးတွေကို မထိခိုက်ပါစေနဲ့နော် သတိထားကြပါ။ကျမတို့ကြောင့် သူများတွေ စိတ်အနှောက်အယှက်ဖြစ်ရင် မကောင်းဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သေးသည်။ ကျနော်တို့ သတင်းသမားများနှင့်အတူ ဘုရားဖူး ပြည်သူများကလည်း သူတို့ပါလာသော ကင်မရာများ၊ ဖုန်းကင်မရာများဖြင့် အမှတ်တရ ဝင်ရိုက်လေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနံအင်္ဂါထောင့်တွင်
မေတ္တာ၏ အထုအထည်သည် ဓမ္မ၏ အင်အားတရပ်ပင် ...
သားအမိနှစ်ဦးနှင့် အတူ ဒေါ်ခင်ခင်ဝင်းတို့ ဘုရားကန်တော့ကာ ပန်းကပ် ပူဇော်ကြလေသည်။ ထို့နောက်ဗိုလ်ချုပ်နှင့် သားငယ် ကိုထိန်လင်းတို့၏ မွေးနံ စနေထောင့်တွင် ဘုရားကန်တော့ပန်း ကပ်ပြန်သည်။ ကိုထိန်လင်းကဂြိုဟ်တိုင် ဘုရားကို ရေသပ္ပာယ်ခဲ့သည်။ သားငယ် ရေသပ္ပာယ်သည်ကို စောင့်ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားထိုင် ကန်တော့ပြီးသူ တစ်ဦးက “အမေစု ကျန်းမာရေး ကောင်းပါလား” ဟု လက်အုပ်ချီ် နှုတ်ဆက်လေသည်။ ဒေါ်စုကလည်း ကောင်းပါကြောင်းနှင့် ထိုလူ့ ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်၍ “သမီးလေးလား ဘယ်နှနှစ်ရပြီလဲ”ဟု ခွန်းတုံ့ပြန်ခဲ့သည်။ ခဏအကြာ ကလေးငယ်က သူ့အမေကို တမ်းတကာ အဖေကို “မေမေရောမေမေရော” မေးရာ ထိုလူက- “ဟိုမှာ မေမေဘဲ အဲဒါ ဖေဖေတို့ အားလုံးရဲ့ မေမေဘဲ”ဟု ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြကာ သူ့သမီးငယ်ကို ပြောပြနေသံကို ဝိုင်းကြည့်နေသော ဘုရားဖူးများနှင့် သတင်းထောက်များ ဆက်ဆက် ကြားခဲ့ရလေသည်။ အားလုံးမျက်နှာထက်တွင် ပီတိအပြုံးများ ပွင့်နေခဲ့သည်။

ဘုရားရင်ပြင်ပေါ် လှည့်လည် ကြည်ညိုကန်တော့နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားဖူးများက ဝမ်းသာအားရ နှုတ်ဆက်ကြလေသည်။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်ပါစေ၊ အခက်အခဲများ ကျော်လွှား အောင်မြင်နိုင်ပါစေဟု ဆုအမျိုးမျိုး တောင်းပေးကြသံများ ဝေစည်နေလေသည်။ဘုရားဖူးလာ ပြည်သူများထဲမှ အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးတို့ ဒေါ်စုလက်ကို တဖက်တချက်ဆီမှ ဆွဲကိုင်၍ အပြုံးမျက်နှာတွင် မျက်ရည်တွေဝေလျက် စိတ်လှုပ်ရှားစွာနှင့်-
“ခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရတာ အရမ်းဝမ်းသာတာဘဲ ခုလို တွေ့ရတာ အရမ်းဝမ်းသာတာဘဲ”နှင့် ထပ်တလဲလဲ ပြောတော့သည်။ထိုမြင်ကွင်းများက သူတို့နည်းတူ ကျန်လူများကိုလည်း ဝမ်းသာ လှိုက်မောစေခဲ့ပေသည်။ ရွှေတိဂုံဘုရား လာကြသော နိုင်ငံခြားသား ဧည့်သည်များလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားဖူး ပရိသတ် အပြန်အလှန် နှုတ်ဆက်ပြောဆိုနေကြပုံများကို မှတ်တမ်း ယူကြလေသည်။

daw-aung-s-suu-kyi-and-son1ssဘုရားဖူး ပရိသတ်ကပေးသော ဘုရားပန်းကို ရာဟုထောင့် ဂြိုလ်တိုင်တွင် လှုမည့် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့တည့်တည့်မှ သတင်းဗီဒီယို ရိုက်ယူနေသော သတင်းထောက်တယောက် နောက်လှည့်မကြည့်မိဘဲ ရိုက်ရာ ဘုရားကန်တော့နေသည့် စုံတွဲပေါ် တက်နင်းမိလေတော့သည်။ ဘုရားဖူးနေကြသူများကို အထိအခိုက် အနှောက်အယှက် မဖြစ်ကြစေရန် ထပ်သတိပေးပြီး ထိုစုံတွဲကို တောင်းပန်စကား လှမ်းပြောရင်း ဒေါ်အောင်ဆန်းစုကြည်ခမျာ ဘုရားပန်းကိုအမြန်ကပ်လှူ ပူဇော်ကာ သူ့ပါတီအဖွဲ့ဝင်များကို-
“ခုနဘုရားဖူးတွေကို ရှာပေးပါ၊ ကျမတောင်းပန်ချင်တယ်.. သေချာတောင်းပန်ရမယ် လိုက်ရှာကြပါအုံး”ဟု ပြောလေရာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော အဆိုပါ စုံတွဲကိုတွေ့ရ၍ အန်တီက တောင်းပန်ချင်ကြောင်း ပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး “ကျမတောင်းပန်ပါတယ်နော်.. ကျမကြောင့် ခုလို ဖြစ်သွားရတာ စိတ်မကောင်းပါဘူး၊ ကျမတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ”ဟု စိတ်လိုလက်ရ တောင်းပန်စကားဆိုရာ စုံတွဲကပြုံးရွှင်စွာဖြင့်ကိစ္စမရှိပါကြောင်း ပြန်ပြောသံကို မြင်ကြားခဲ့ရလေသည်။

ထို့နောက် သတင်းသမားများအတွက် ရွှေတိဂုံဘုရားနောက်ခံနှင့် ဓာတ်ပုံ အရိုက်ခံပေးကာ မြောက်ဖက် စောင်းတန်းမှ ပြန်ဆင်းသွားခဲ့သည်။ လမ်းတလျှောက် ဝိုင်းဝန်း နှုတ်ဆက်ကြသော ဘုရားဖူး ပရိသတ်များကိုလည်း အပြုံးမပျက် ပြန်လည် နှုတ်ခွန်းဆက်လျက် ဖြေးဖြေးချင်း ဆင်းလာခဲ့သည်။ ဘုရားမှာ ဘာဆုတွေ တောင်းခဲ့ပါသလဲဟု အေအက်ဖ်ပီသတင်းဌာနမှ မလှလှဌေးအမေးကို ဒေါ်အောင်ဆန်းစုကြည်က “ဒါတော့ ဘယ်ပြောလို့ ဖြစ်မလဲ”ဟု ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်ရာ ဘေးမှ လိုက်ပါနေသူများ ဝိုင်းကြည့်နေသူများ၏ ရယ်သံများ ဝေစည်သွားခဲ့သည်။ ထို့နောက် မြောက်ဖက်စောင်းတန်း အတက်တွင် ဓာတ်ပုံ ထပ်အရိုက်ခံပေးကာ အားလုံးကို နှုတ်ဆက်ပြီး နံနက်၈နာရီကျော်တွင် အိမ်ပြန်သွားခဲ့လေသည်။

အမေစု ဘုရားဖူးချိန် တလျှောက်လုံး ဘေးမှ ကပ်လိုက်ကာ သတင်းဓာတ်ပုံ ရိုက်ယူနေသော ကျနော် ထိုအချိန်ကျမှ အသက်ဝဝ ရှုနိုင်ကာ တကိုယ်လုံး စိုရွှဲနေသော ချွေးတို့ကို သုတ်ရင်း ဘုရားအတက် စောင်းတန်း အုတ်လှေခါးတွင် ထိုင်အမောဖြေနေစဉ်-
“ညီလေးခုနက ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး လာသွားတယ်ဆို အမေစု လာသွားတယ်ဆို ညီလေး ဓာတ်ပုံ လိုက်ရိုက်လာတာလား ခဏ ပေးပြပါကွာ”ဟု ဆိုလာသူကို ကျနော်ရိုက်လာသော ဓာတ်ပုံများကို စိတ်လိုလက်ရ ပြန်ပြစဉ် ဦးဇင်းတပါးနှင့် အခြား ဘုရားဖူးများပါ ဝိုင်းလာကြည့်ပြီး-
“ကျက်သရေ ရှိလိုက်တာ၊ နုသေးတယ်နော်၊ ကျန်းမာရေး ကောင်းနေပုံဘဲ၊ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး အခက်အခဲများ ကျော်လွှား ဆောင်ရွက်နိုင်ပါစေ” ဆိုသည့် အသံများ ဝေဝေစည်စည် ကြားခဲ့ရပြန်၏။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ အပြင်သို့ ပြန်ထွက်လာသည့် အချိန်တလျှောက် သူ့အပေါ်ထားရှိသော ပြည်သူတို့ မေတ္တာကို မျက်မြင်တွေ့ခဲ့ရပြီးပြီ။ မိသားစုအရေးထက် မြန်မာပြည်သူများအရေး အလေးထား ဆောင်ရွက်နေသော သူ့မိခင်အပေါ် ကိုထိန်လင်းတယောက် အပြစ်မမြင်မေတ္တာသက်ဝင် ချစ်ခင်လေးစားမြဲ ရှိပုံကိုလည်း တွေ့ခဲ့ရပြီ။ အမေစုအပေါ် ပြည်သူတို့ ယုံကြည်ကိုးစား အလေးထားကာ လှိုက်လှိုက်လှဲလှဲ မေတ္တာသက်ဝင် ချစ်ခင်လျက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလျက် ရှိနေကြသည်ကိုလည်း တွေ့မြင် ခံစားခဲ့ရပေ၏။ ထိုမပြယ်သော မေတ္တာ၏ အထုအထည်သည် ဓမ္မ၏ အင်အားတရပ်ပင်၊ ဓမ္မသည် အဓမ္မကို အောင်နိုင်မြဲဖြစ်ရာ ဤမေတ္တာတရားများ အမြဲတည်ရှိကာ ဆက်လက် ပြန့်ပွားနိုင်ပါစေဟု ဆန္ဒပြုရပေသည်။

(ပြည်တွင်းစာစောင်များတွင် ဖော်ပြခွင့် မရနိုင်သော မြင်ကွင်းသရုပ်ဖော် သတင်းဆောင်ပါးကို ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတဦး ရေးသားပေးပို့ပါသည်။)

ခေတ်သစ်သို့ဆက်ရအောင်...

Thursday, November 25, 2010

အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး - ရန်ဝင်း (တောင်တံခါး)


“ကြည်နူးမှုရဲ့အရိပ်ဝယ်

နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ

ကမ်းခြေဇေယျာဦးဝယ်

အလွမ်းတွေမပြေပါဘူးကွယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး

မူလတေးသံရှင် ကိုခင်လတ်

အလွမ်းတွေမပြေတဲ့ ကမ်းခြေဇေယျာဦးကို တသက်တာ မမေ့နိုင်တော့ပါလေပြီ။ တန်ဆောင်မုန်းလ ရောက်ပြန်ပြီဆိုမှဖြင့် စစ်ကိုင်းတောင်နဲ့ ကမ်းခြေဇေယျာဦးကို ပိုလို့ သတိရ လွမ်းဆွတ်ရပြန်တော့တယ်။


“မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊

ရေလှိုင်းကလေးတွေ နေရောင်မြူးလို့၊ ငွေရောင်ဖြူးကာနေ၊

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့ မြစ်တွင်းသာယာပေ၊”

စစ်ကိုင်းတောင်၊ မြို့မငြိမ်း

မူလတေးသံရှင် လေဘာတီ မမြရင်

ဂီတစာဆို ဆရာမြို့မငြိမ်းရဲ့ စစ်ကိုင်းတောင်သီချင်းအတိုင်းပါပဲလေ။ စစ်ကိုင်းတောင်အထက်နား၊ ဆွမ်းဦးပုညရှင်စေတီအပါးဆီက အရှေ့ဘက်တလွှားကို တွေဝေငေးမောရင်း ရှုမျှော်ကြည့်လိုက်ရင်ဖြင့် ခွေကာပတ်ကာ ရစ်ဝိုင်းနေတဲ့ မြစ်မင်းဧရာဝတီ နဲ့ ခပ်လှမ်းလှမ်းမှာ ဒုဋ္ဌာဝတီမြစ်တွေက ငွေလှိုင်းကလေးတွေ တဖျပ်ဖျပ် တလက်လက်နဲ့ နေရောင်မှာ တသွင်သွင်မြူးနေကြတော့ ရေပြင်ကျယ်မှာ ငွေသင်ဖြူးခင်းထားသလိုပါပဲ။


ရွှေတောင်ဦးမော် ရှုမျှော်ခင်း

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့အတူ အရှေ့မြောက်ယွန်းယွန်း အဝေးဟိုဆီမှာတော့ မန္တလေးတောင်ကို ရီဝေဝေ မှုန်ပြပြမြင်နေရတယ်။ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းဆီမှာတော့ ရွှေကြက်ယက်၊ ရွှေကြက်ကျ စေတီနှစ်ဆူနဲ့ ဘုရားတန်ဆောင်းတွေ၊ ကျောင်းကန်တွေက အစီအရီပေါ့။ အဲဒီပတ်ဝန်းကျင်နဲ့ ရှုမျှော်ခင်းကို အသည်းမှာ စွဲခဲ့ရသူတွေအဖို့မှာတော့၊ ကမ္ဘာကုန်ကျယ်သ၍ ဘယ်မှာမေ့နိုင်တော့မလဲလေ။


ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ရွှေကြက်ယက်၊ ရွှေကြက်ကျ စေတီနှစ်ဆူ


တောင်ဘက်ယွန်းယွန်းဆီက စစ်ကိုင်းတံတားကြီးကို လှမ်းမျှော်မိပြန်တယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ စစ်ကိုင်းတောင်ရိပ်ကိုခိုခဲ့ကြတဲ့ မန္တလေးသူ မန္တလေးသားတွေလည်း စစ်ကြီးပြီးတဲ့အခါ ဆရာမြို့မငြိမ်းတို့ မြို့မအဖွဲ့သားတွေနဲ့အတူ ပြည်တော်ဝင်ကြဖို့ စစ်ကိုင်းတံတားကြီးအနား လှေဆိပ်က ငှက် လို့ခေါ်တဲ့ သမ္ဗန်လှေတွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့ကြလိမ့်မယ်လို့ မှန်းဆ ပုံဖော်ကြည့်မိပြန်တယ်။

“မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ

အောင်စည်ရွှမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ။”

ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ


ဒုတိယကမ္ဘာစစ်ကြီးပြီးခါစက စစ်ကိုင်းတံတား နဲ့ ငှက်သမ္ဗန်ဆိပ်

“ဧရာဝတီ၊ ရေဇလာနဒီ

မြစ်ရေ ဖွေးဖွေးဝယ် ငှက်သမ္ဗန်လှေကလေးစီးကြမည်

သောင်ယံဆီ၊ တောင်ပံချီ

ခွန်းချိုတေးဖွဲ့သီ ငှက်မောင်နှံပျော်မြူးကြပြီ

စစ်ကိုင်းတံတားဘက်ဆီကို သူလာမလားလို့ မျှော်မှန်းမိသည်။”

ဇေယျာကမ်းအလှပန်းချီ၊ စန္ဒယားလှထွတ်

မူလတေးသံရှင် ရီရီသန့်

တန်ဆောင်မုန်းလပြည့်နဲ့ စစ်ကိုင်းတောင်ရိုးကို ခွဲထားလို့ မရနိုင်တော့ပါ။ တန်ဆောင်မုန်း လပြည့်နေ့မတိုင်ခင်ကတည်းက မန္တလေးသူ မန္တလေးသားတွေ စစ်ကိုင်းတောင်ရိုးဘက်ဆီကို တဖွဲဖွဲနဲ့ ရောက်လာကြပြီ။ အထူးသဖြင့် လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ တနေ့လုံးပဲ မန္တလေး စစ်ကိုင်းကားလမ်းပေါ်မှာ စစ်ကိုင်းဘက်သွားတဲ့ကားတွေက လူအပြည့်နဲ့ ကျပ်ညှပ်နေတယ်။

“တောင်ခြေ စိမ်းလန်း၊ ချောင်တွေ သိန်းသန်း” လို့ ဆရာမြို့မငြိမ်း တင်စားဖွဲ့ဆိုခဲ့သလို ချောင် လို့ ခေါ်တဲ့ ကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေအပြည့်နဲ့ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး နဲ့ မင်းကွန်း အရပ်ဒေသတွေမှာ အေးချမ်းတဲ့ ရတနာသုံးပါးရဲ့ အရိပ်ကိုခိုပြီး ကထိန်ခင်းကြ၊ ကောင်းမှုကုသိုလ် အလှူဒါနပြုကြရင်း အပန်းဖြေတဲ့သူလည်းဖြေလို့ အင်မတန် ပျော်ကြတယ်။ အပျော်လွန်ချင်တဲ့ သူတွေကိုလည်း အချင်းချင်းထိန်းကြလို့ ရုပ်ပျက်ဆင်းပျက် ဘယ်တော့မှမတွေ့ကြရပါ။

အဖိတ်နေ့ ညနေခင်းနဲ့ ညဦးပိုင်းရောက်တော့ မိတ်ဆွေတွေရှိတဲ့ ချောင်တွေကို အပြန်အလှန် လည်ပတ်ကြပြီး အစားအသောက် အကျွေးအမွေးတွေနဲ့ ဧည့်ခံကြတယ်။ တချို့လည်း စစ်ကိုင်းတောင်ရိုးတန်းတလျှောက်က ဘုရားတွေကို လည်ဖူးကြတယ်။ စောင်းတန်းရှည်ကြီးတွေနဲ့ အုတ်လှေကားအဆင့်ဆင့်တွေ၊ တောလမ်းကလေးတွေမှာလည်း တက်ချီတခါ ဆင်းချီတလှည့် ကွေ့ကာ ပတ်ကာ ဝိုက်ကာ သွားကြရင်း မောပန်းရမှန်းမသိလောက်အောင်ပဲ ပျော်စရာကောင်းလှတယ်။


စစ်ကိုင်းတောင်ရိုးတန်းတနေရာက စောင်းတန်းရှည်နဲ့ ဘုရားစေတီများ

ညချမ်းအချိန်မှာ ဘုရားစေတီတွေကို ပူဇော်ထားတဲ့မီးရောင်တွေနဲ့ စစ်ကိုင်းတောင်ရိုးတခုလုံးရဲ့ လှပပုံကို စာပန်းချီမဖွဲ့တတ်နိုင်တော့ပါ။ လေမှုတ်တူရိယာတွေ၊ အကော်ဒီယံ၊ တယော၊ မယ်ဒလင်၊ ဂီတာ အတီးအမှုတ်တွေနဲ့ သီချင်းတကြော်ကြော်ဆိုလာသူတွေကိုလည်း တွေ့နိုင်တယ်။

“စစ်ကိုင်းတောင်ခြေ

ရောက်ခဲ့ပြန်ပေါ့ တို့တတွေ

အဖော်အပေါင်းဆွေ ပျော်ကြောင်းပေ

လတန်ဆောင်ဦးမို့ ဆီမီးရောင်ရှိန် ထိန်ကာနေ။

ကုသိုလ်အပေါင်း ခညောင်းရာမြေ

ဆုခြွေတောင်း အောင်ကြောင်းဖြာဝေ

ကမ်းဇေယျာစခန်း မှန်း၊ လှမ်း၊ မြန်းလာကြ ဖော်သဟာဆွေ

ခြိမ့်သံညံမစဲ ဆိုတေး၊ တေးသံပြိုင်ဆိုနေ။”

တင်ဦးလေး နှင့် အဖွဲ့

အဲဒီအခါမှာ တောင်ရိုးလမ်းတလျှောက်နဲ့ ဘုရားစောင်းတန်းတွေမှာ လူကျပ်လို့ တိုးတိုးခွေ့ခွေ့ သွားရတတ်တယ်။ လူပြောင်လူနောက်တွေကလည်း လွတ်လွတ်လပ်လပ် ပျော်ကြတာတွေရှိတော့ အများအားဖြင့် ညပိုင်းရောက်ရင် တည်းခိုရာချောင်တွေမှာပဲ နားနေကြပြီး မနက်ခင်းကျမှ ဘုရားဖူး ထွက်တတ်ကြတယ်။


စစ်ကိုင်းတောင်ရိုးနဲ့ ဇေယျာကမ်းအလှပန်းချီ

“ရေဇလာနဒီ၊ သေလာမဟီ၊ ဇေယျာပြည်

စစ်ကိုင်းတောင် တခွင်လုံးပတ်ရံလည်

ပုထိုးဘုရားစေတီ၊ ဘိုးဘွားအမွေတည်၊ အကျိုးပွားစေရည်

တည်ထားနှစ်များကြာရှည်၊ တမျှော်တခေါ်သာပဲ ရှုလို့မဆုံးတော့သည်။”

ဇေယျာကမ်းအလှပန်းချီ၊ စန္ဒယားလှထွတ်

တန်ဆောင်မုန်းလပြည့်နေ့မနက်ပိုင်းမှာတော့ အရှေ့ဘက်စစ်ကိုင်းတောင်ရိုးလမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သရက်ပင်ဆိပ်ကစပြီး မြောက်ဘက်ထိပ် ဝါးချက်ရွာလှေဆိပ်ဆီကို မြစ်ကြောင်းတလျောက် ငှက်သမ္ဗန်စီးရတာကိုက စစ်ကိုင်းတောင်ရိုးရဲ့ တဆောင်မုန်းလပြည့်နေ့ သရုပ်တခုပါပဲ။


ငှက်သမ္ဗန်ဆိပ်

“အိပွဲ့ အိပွဲ့ ငှက်သမ္ဗန်ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။

တစုတဝေး လုံမငယ်၊ ကျိတ်ပုန်းစားကြတယ်။”

ရေချိုးဆိပ်၊ မြို့မငြိမ်း

လှော်တက်နှစ်ချောင်းနဲ့ခတ်လိုက်လို့ ငှက်သမ္ဗနှ်မြည်တဲ့အသံကို ‘အိပွဲ့ အိပွဲ့’ လို့ ဆရာမြို့မငြိမ်းက ဖွဲ့ဆိုသွားခဲ့ပါတယ်။ ငှက်သမ္ဗနှ်စီးရင်းလည်း အပါင်းအသင်းမိတ်ဆွေတွေနဲ့ လမ်းမှာတွေ့ရင် အော်ကြ ခေါ်ကြ နှုတ်ဆက်ကြနဲ့ ပျော်ကြရတယ်။ လူငယ်လူရွယ် ယောက်ျားလေးတွေက မိန်းခလေးချောချောတွေ လမ်းမှာတွေ့ရင် လက်တွေပြကြ၊ ရွှေမန်းမယ်လား ဇေယျာမယ်လားဗျာ၊ လှလိုက်တာနော်လို့ ရိသဲ့သဲ့ ပြောတတ်ကြတယ်။ မိန်းကလေးတွေကလည်း တိတ်တခိုးပြန်ကြည့်ပြီး သူတို့အချင်းချင်း တိုးတိုးကျိတ်ကျိတ် စကြ နောက်ကြ ပြောင်ကြ ပျော်ကြလို့ပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်းသွားနေကျ စစ်ကိုင်းတောင်ရိုးဘက်ဆီကို တနှစ်တလေများ မရောက်လိုက်ရရင်ဖြင့် ဒီတနှစ်တော့ လွဲသွားလေခြင်းလို့ မကြာခဏဆိုသလိုပဲ တွေးနေမိတတ်တယ်။ တွေးမိတိုင်းလည်း ကမ်းခြေဇေယျာဦးကို တဝဲလည်လည်နဲ့ သတိရနေတော့တာပါပဲ။

“အော်၊ ဒီအချိန်များကို

တွေးတွေးပြီး သတိတွေရလို့

ရက်တွေ တွက်ရေ လက်ရေချိုးရင်

တရေးရေးပဲ မှတ်မိကာလည်း

ဆုံးစ မမြင်တယ်ကွယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး

တန်ဆောင်မုန်းလပြည့်နေ့ ညနေစောင်းရင်တော့ အချိန်တန် အိမ်ပြန်ကြရပြီ။ နောင်နှစ်ခါလည်း လာဦးမှာပေါ့လေ ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီ ရင်မှာပိုက်လို့ နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်၊ မောင်ကြီးလာပါမယ် ဆိုတဲ့ နှုတ်ဆက်လွမ်းတေးကို တရှိုက်မက်မက်သီဆိုရင်း ပြန်ခဲ့ကြရပြန်ပြီ။ တရွေ့ရွေ့နဲ့ ဝေးပြီးကျန်ရစ်ခဲ့တဲ့ ကမ်းခြေဇေယျာဦးကတော့ မြူခိုးမှုန်တွေကြားမှာ မှိုင်းပြာ ရီဝေလို့ပါပဲ။


မြူခိုးမှုန်တွေကြားက ကမ်းခြေဇေယျာဦးနဲ့ စစ်ကိုင်းတောင်ရိုး

အခုအချိန်မှာဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ကမ်းခြေဇေယျာဦးကို မရောက်နိုင်တော့တာ ဆယ်စုနှစ် နှစ်စုများတောင် ကြာခဲ့ပြီကောလေ။

“ဇေယျာကမ်းဝယ်

ပြန်လည်လို့ပဲတွေ့ဆုံကာ

ပျော်မွေ့ချင်ပါသေးတယ်

တရေးရေး စိတ်ဝယ်

အောက်မေ့လို့ သတိရနေသူမယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး

(၁) စစ်ကိုင်းတောင်၊ တေးရေး မြို့မငြိမ်း၊ မူလတေးသံရှင် လေဘာတီမမြရင်

(၂) စစ်ကိုင်းတောင်ခြေ၊ တေးရေး (အမည်မသိ)၊ တေးသံရှင် တင်ဦးလေး နှင့် အဖွဲ့

(၃) ပြည်တော်ဝင်၊ တေးရေး အေဝမ်း-ဆရာညှာ

(၄) ရေချိုးဆိပ်၊ တေးရေး မြို့မငြိမ်း၊

(၅) ဇေယျာကမ်းအလှပန်းချီ၊ တေးရေး စန္ဒယားလှထွတ်၊ တေးသံရှင် ရီရီသန့်

(၆) ကမ်းခြေဇေယျာဦး၊ တေးရေး ကိုလှမိုး၊ မူလတေးသံရှင် ကိုခင်လတ်

(၇) ဓာတ်ပုံ၊ zeyarfcfans.com

(၈) ဓာတ်ပုံ၊ pbase.com/world/burma

(၉) ဓာတ်ပုံ၊ myanmars.net

ခေတ်သစ်သို့ဆက်ရအောင်...