Subscribe
Add to Technorati Favourites
Add to del.icio.us

Friday, December 3, 2010

မပြယ်သောမေတ္တာပန်း

ဖတ်ပြီး ရင်ထဲမှာ လှိုက်ကနဲခံစားရလို.ကူးယူဖေါ်ပြပေးလိုက်တာပါ။ အထူးသဖြင်. န.အ.ဖ ရဲ. အချူပ်အနှောင်ခံရဘူးသူတိုင်းအတွက်ပေါ.။



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။




(၁)
ကင်မရာချောင်းကြည့်ပေါက် (view finder)မှ ကြည့်နေသော ကျနော့မျက်ဝန်းတွင် မျက်ရည်များ ဝေ့သီလာသည်။ ကျနော်သာ ကျနော့်အမေနှင့် ၁ဝနှစ်ကျော်ကြာ ခွဲခွာဝေးနေခဲ့ရလျှင်၊ ကျနော့်အမေသာ သူ့သားကျနော်နှင့်၁ဝ နှစ်ကျော်ကြာ ရှင်ကွဲ ခွဲနေခဲ့ရလျှင် ကျနော်တို့ သားအမိ မည်သို့ ခံစားရမလဲဆိုသည့် အတွေးနှင့် အမျိုးအမည် ဖော်ပြမတတ်နိုင်သော ဝေဒနာတရပ် ရင်ထဲတွင် ဆို့နစ်လာသဖြင့် မျက်ရည်စို့လာသည်။

ထိုသို့ ဆို့နစ်စရာအတွေး ပေါ်လာစေသည့် မြင်ကွင်းကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့သားငယ် ကိုထိန်လင်းတို့ ရန်ကုန်လေဆိပ်၌ ပြန်ဆုံကြသည့်နေ့က ဖြစ်သည်။ သားငယ်ကို လာကြိုမည်ဆိုသည့် သတင်း
ကြားရသဖြင့် ရန်ကုန်လေဆိပ်သို့ မနက်စောကတည်းက ကျနော်တို့ သတင်းသမားများ ရောက်နေခဲ့ကြသည်။ နံနက် ၇နာရီခွဲခန့် အမေစု ရောက်လာချိန်တွင် ဓာတ်ပုံ အလုအယက် ရိုက်ကြသည့် တရုန်းရုန်းနှင့် သတင်းသမားများကြောင့် ရန်ကုန်လေဆိပ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

“အထဲထိ ဝင်ရမှာဆို မှတ်ပုံတင် လိုမှာပေါ့နော်၊ ဒုက္ခဘဲကျမ မှတ်ပုံတင် မေ့လာခဲ့တယ်” ...
“ကျမဘယ်နားက ကြိုရမှာလဲဟင်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေးကို “အမေဒီနားမှာ ခဏ ထိုင်စောင့်ပေးပါ ခင်ဗျာ”ဟု လေဆိပ် လုံခြုံရေး ဝန်ထမ်းတဦးက တလေးတစား ပြောသံကို တွေ့မြင်ကြားခဲ့ရသည်။ တအောင့်အကြာ အခြား လုံခြုံရေး ဝန်ထမ်းတဦးက လေဆိပ်အတွင်းပိုင်းထိ ဝင်ကြိုနိုင်ပါကြောင်း တလေးတစား လာခေါ်လေသည်။

“အထဲထိ ဝင်ရမှာဆို မှတ်ပုံတင် လိုမှာပေါ့နော်၊ ဒုက္ခဘဲကျမ Dsskson2sssssမှတ်ပုံတင် မေ့လာခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောလျှင် လာခေါ်သည့် လုံခြုံရေးဝန်ထမ်းက မလိုပါကြောင်း ဝင်ခွင့် လုံခြုံရေးကတ် လုပ်ပေးထားပါသည်ဆိုပြီး ကတ်ထုတ်ပေးကာ ချိတ်ဆွဲရန်ပြောပြီး အတွင်းသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေး ကောင်တာနှင့် မလှမ်းမကမ်း၌ ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ကာ သူချစ်သော သူ့ကိုချစ်သော ပြည်သူတို့၏ အမျိုးမျိုး မှတ်ချက်ပြုသံများက-
“ကျက်သရေ ရှိလိုက်တာနော် ကျန်းကျန်းမာမာဘဲ”
“ဒေါ်စုကတော့ ပန်းပန်လျက်ပါဘဲကွာ”
(အမေစုသည် ထိုနေ့က ပန်းရောင်နှင့် အဝါရောင် နှင်းဆီပန်း ရှစ်ပွင့်ကို နောက်တွဲဆံထုံး ဘေးပတ်လည် ပန်လာခဲ့သည်။)
“နှစ်ရှည်လများ ကွဲကွာနေတဲ့ သားကို လာကြိုတာတောင် တည်တည်ငြိမ်ငြိမ်နဲ့
နေနိုင်တာ ချီးကျူးစရာပါဘဲကွာ”
သတင်းဓာတ်ပုံများ ရရှိရေး တဖျတ်ဖျတ် ရိုက်နေကြသော သတင်းသမားများကို ကြည့်ကာလည်း-
“ဂျာနယ်တွေကတော့ သတင်းတွေ ဓာတ်ပုံတွေ ဖော်ပြနိုင်အောင် ကြိုးစားပမ်းစား လုပ်နေကြတာဘဲ ပြီးရင် သူတို့ ဂျာနယ်တွေဘဲ အပိတ်ခံကြရတာ”

သတင်းဓာတ်ပုံ ရိုက်နေကြသော ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား လာကြည့်ကြသူများကို လေဆိပ် လုံခြုံရေးများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူးစုံစမ်းရေးရဲများက
ဓာတ်ပုံ ဗီဒီယိုရိုက် မှတ်တမ်း ယူနေသည်ကိုလည်း ပြည်သူတဦးက-
“အမလေး အမေစုကို မမြင်တာကြာလို့ ပြန်ထွက်လာပြီးမှ မတွေ့ဖူးသေးလို့ လမ်းကြုံတွေ့တုန်း ကြည့်မိတာပါတော် အမှုတော့ မလုပ်ပါနဲ့” ဆိုကာ ထွက်သွားခဲ့၏။

လေဆိပ်တွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများလည်း ဒေါ်အောင်ဆန်းစုကြည်လာသည်ကို တွေ့မြင်ကြရကာ ဝမ်းသာကြည်နူးကြပုံများ အထင်းသား တွေ့ခဲ့ရသည်။ ဝန်ထမ်း ယူနီဖောင်းနှင့် တာဝန်ချိန်အတွင်းဆိုသည့် အသိက သူတို့ကို အဟန့်အတား ဖြစ်နေစေခဲ့သည်ကို နားလည်ပေသည်။ အနီးနားထိ လာမကြည့်ရဲဘဲ အဝေးမှသာ လှမ်းကြည့်ကာ အမျိုးမျိုး ဝေဖန်မှတ်ချက် ပြုနေသည်ကို တွေ့ခဲ့ရသည်။ ခဏအကြာ ကြောက်စိတ်ကင်း ရဲတင်းလာသော အချို့ ဝန်ထမ်းများက သူတို့တွင်ရှိသော ဟန်းဖုန်း ကင်မရာများဖြင့် ဝမ်းသာအားရ အမှတ်တရပုံ လှမ်းရိုက်ကြသည်ကိုလည်း မြင်ခဲ့ရ၏။

မမစု အကျဉ်းအကြပ်ခံနေရစဉ်က အမြန်လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ကာ ရွှေပေါ်ကျွန်း သာသနာ့နယ်မြေတွင် ဆရာတော်ဘုရားကို သိက္ခာထပ်ပေးခဲ့ကြောင်း ...
၇နာရီ ၄၅မိနစ်တွင် ကိုထိန်လင်း လိုက်လာသော MAI လေယာဉ် ဆိုက်လာကာ လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် လိုအပ်သော စစ်ဆေးမှုများအပြီး တာဝန်ရှိသူများက သူ့အမေရှိရာ ခေါ်လာပေးသည်။ သားအမိနှစ်ဦး ဝမ်းသာအားရ တွေ့ဆုံ ပွေ့ဖက်အပြီး ကိုထိန်လင်းက အပေါ်အင်္ကျီချွတ်ကာ သူ့လက်မောင်းတွင် ထိုးလာခဲ့သော NLD အလံ ဆေးမှင်ကြောင်ကို ပြလေသည်။

လေဆိပ်အတွင်းပိုင်း ကာထားသည့် မှန်ကိုဖြတ်ကာ အပြင်မှ ကြည့်နေကြသူများလည်း သူ့တို့သားအမိ၏ အပျော်အပြုံး ကြည်နူးမှုများကို ထပ်တူ ခံစားခဲ့ကြရမည်ကို အတတ် ပြောနိုင်ပေသည်။

သားငယ်ကို ကြိုအပြီး ပြန်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို သားငယ်နှင့် တွေ့ဆုံရ၍ အထူးဝမ်းသာ ပျော်ရွှင်မိကြောင်း၊ သားငယ်ကို ပြည်ဝင်ခွင့်ပြုသည့် တာဝန်ရှိ အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ပြောသွားခဲ့လေသည်။ ၈နာရီ ဆယ်မိနစ်ကျော်တွင် ဒေါ်စုနှင့်သားငယ်တို့ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ထွက်သွားလေသည်။

(၂)
နောက်တနေ့မနက် ရွှေတိဂုံဘုရား တက်ဖူးမည်ဆိုသည့် သတင်းရသဖြင့် မနက်အစောထကာ ဘုရားတက်ပြီး သူ့မွေးနံ အင်္ဂါထောင့်ရှိရာတောင်ဘက်မုခ်တွင် စောင့်နေခဲ့သည်။ မြောက်ဖက်မုခ်က တက်ဖြစ်မည်ဆိုသည့် ဖုန်းသတင်း ဝင်လာချိန် မြောက်ဖက်မုခ် ပြေးစောင့်ရပြန်သည်။

daw-aung-s-suu-kyi-and-sonsမြောက်ဖက် ဓာတ်လှေကား အဝင်တွင် ပြည်တွင်းပြည်ပ သတင်းသမားများ စုရုံးရောက်လာကြကာ တဖြေးဖြေး စည်ကားလာသည်။ နံနက် ၇နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိန်လင်း၊ ဒေါ်ခင်ခင်ဝင်း၊ မဖြူဖြူသင်း၊ ဒေါ်စုအိမ်ကို ပြင်ပေးနေသော ဆရာကြီး မင်းသုဝဏ်သား ဆရာဒလဘန်းနှင့် ဦးလွင်သမီးတို့ ဇနီးမောင်နှံ၊ NLD လူငယ်အဖွဲ့ လုံခြုံရေးများ ခြံရံသော ဘုရားဖူးအဖွဲ့ မြောက်ဖက်စောင်းတန်းအတိုင်း တက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဘုရားလာဖူးသည်ကို သိသွားကြသော စောင်းတန်းမှ ပန်းသည်များက ဘုရားပန်းများ ဓမ္မဒါန ပေးနိုင်ရန် တန်းစီစောင့်နေကြလေသည်။ ဘုရားပန်း လက်ဆောင်များကို ကျေးဇူး အထူးတင်ကြောင်း ပြောကာ ဒေါ်စုက လက်ခံယူလေသည်။ မြောက်ဖက် စောင်းတန်းမှ အထွက် ရင်ပြင်ပေါ်အရောက် ဘုရားဖူး အမျိုးသမီးကြီးနှစ်ဦးက လုံခြုံရေးအကာကို အတင်းဖြတ်ကာ ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်လာပြီး သူတို့တဘက်ခြုံထည်များကို ဒေါ်စုဘုရားဖူးကန်တော့ရန် ကိုယ်တိုင် ခြုံပေးကာ ဓမ္မလက်ဆောင် ပေးပြန်လေသည်။

ဘုရားကို ပတ်ဖူးနေစဉ် ရင်ပြင်တော် တနေရာအရောက် အမျိုးသမီးကြီးတဦး ဝင်လာကာ ဒေါ်စုလက်ကိုဆွဲလျက် မမစု အကျဉ်းအကြပ်ခံနေရစဉ်က အမြန် လွတ်မြောက်ပါစေကြောင်း ရည်ရွယ်ကာ ရွှေပေါ်ကျွန်း သာသနာ့ နယ်မြေတွင် ဆရာတော်ဘုရားကို သိက္ခာထပ်ပေးခဲ့ကြောင်း၊ ကုသိုလ် ကောင်းမှုများပြုကာ အမြန် လွတ်မြောက်ပါစေရန် အမြဲ ဆုတောင်းပေးကြောင်း၊ ထိုကုသိုလ်များကို သာဓုခေါ်နိုင်ပါရန် အမျှဝေပါကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က သာဓုခေါ်ခဲ့လေသည်။ ဝမ်းသာဝမ်းနည်း ခံစားနေရသော ထိုအမျိုးသမီးကြီးက အမြဲ ကျန်းကျန်းမာမာနေနိုင်ကာ တိုင်းပြည်နှင့် ပြည်သူအကျိုး ဆောင်ရွက်နိုင်ပါစေ၊ အခက်အခဲများ အောင်မြင် ကျော်လွှားနိုင်ပါစေ ဆုတောင်းပေးပြန်ရာ ဒေါ်စုက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေနော်ဟု ပြန်ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူးလာသည်ကို သိသွားကြသော ဘုရားဖူး ပရိသတ်လည်း အနောက်မှ တကောက်ကောက် လိုက်လာကြရာ ကျနော်တို့ သတင်းသမားများနှင့် တရုန်းရုန်း ဖြစ်ကုန်တော့သည်။ “သတင်းထောက်တွေ ဘုရားဖူးတွေကို မထိခိုက်ပါစေနဲ့နော် သတိထားကြပါ။ကျမတို့ကြောင့် သူများတွေ စိတ်အနှောက်အယှက်ဖြစ်ရင် မကောင်းဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သေးသည်။ ကျနော်တို့ သတင်းသမားများနှင့်အတူ ဘုရားဖူး ပြည်သူများကလည်း သူတို့ပါလာသော ကင်မရာများ၊ ဖုန်းကင်မရာများဖြင့် အမှတ်တရ ဝင်ရိုက်လေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနံအင်္ဂါထောင့်တွင်
မေတ္တာ၏ အထုအထည်သည် ဓမ္မ၏ အင်အားတရပ်ပင် ...
သားအမိနှစ်ဦးနှင့် အတူ ဒေါ်ခင်ခင်ဝင်းတို့ ဘုရားကန်တော့ကာ ပန်းကပ် ပူဇော်ကြလေသည်။ ထို့နောက်ဗိုလ်ချုပ်နှင့် သားငယ် ကိုထိန်လင်းတို့၏ မွေးနံ စနေထောင့်တွင် ဘုရားကန်တော့ပန်း ကပ်ပြန်သည်။ ကိုထိန်လင်းကဂြိုဟ်တိုင် ဘုရားကို ရေသပ္ပာယ်ခဲ့သည်။ သားငယ် ရေသပ္ပာယ်သည်ကို စောင့်ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားထိုင် ကန်တော့ပြီးသူ တစ်ဦးက “အမေစု ကျန်းမာရေး ကောင်းပါလား” ဟု လက်အုပ်ချီ် နှုတ်ဆက်လေသည်။ ဒေါ်စုကလည်း ကောင်းပါကြောင်းနှင့် ထိုလူ့ ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်၍ “သမီးလေးလား ဘယ်နှနှစ်ရပြီလဲ”ဟု ခွန်းတုံ့ပြန်ခဲ့သည်။ ခဏအကြာ ကလေးငယ်က သူ့အမေကို တမ်းတကာ အဖေကို “မေမေရောမေမေရော” မေးရာ ထိုလူက- “ဟိုမှာ မေမေဘဲ အဲဒါ ဖေဖေတို့ အားလုံးရဲ့ မေမေဘဲ”ဟု ဒေါ်အောင်ဆန်းစုကြည်ကို ညွှန်ပြကာ သူ့သမီးငယ်ကို ပြောပြနေသံကို ဝိုင်းကြည့်နေသော ဘုရားဖူးများနှင့် သတင်းထောက်များ ဆက်ဆက် ကြားခဲ့ရလေသည်။ အားလုံးမျက်နှာထက်တွင် ပီတိအပြုံးများ ပွင့်နေခဲ့သည်။

ဘုရားရင်ပြင်ပေါ် လှည့်လည် ကြည်ညိုကန်တော့နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားဖူးများက ဝမ်းသာအားရ နှုတ်ဆက်ကြလေသည်။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်ပါစေ၊ အခက်အခဲများ ကျော်လွှား အောင်မြင်နိုင်ပါစေဟု ဆုအမျိုးမျိုး တောင်းပေးကြသံများ ဝေစည်နေလေသည်။ဘုရားဖူးလာ ပြည်သူများထဲမှ အသက်ကြီးကြီး အမျိုးသမီးကြီး တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးတို့ ဒေါ်စုလက်ကို တဖက်တချက်ဆီမှ ဆွဲကိုင်၍ အပြုံးမျက်နှာတွင် မျက်ရည်တွေဝေလျက် စိတ်လှုပ်ရှားစွာနှင့်-
“ခုလို ကျန်းကျန်းမာမာနဲ့ တွေ့ရတာ အရမ်းဝမ်းသာတာဘဲ ခုလို တွေ့ရတာ အရမ်းဝမ်းသာတာဘဲ”နှင့် ထပ်တလဲလဲ ပြောတော့သည်။ထိုမြင်ကွင်းများက သူတို့နည်းတူ ကျန်လူများကိုလည်း ဝမ်းသာ လှိုက်မောစေခဲ့ပေသည်။ ရွှေတိဂုံဘုရား လာကြသော နိုင်ငံခြားသား ဧည့်သည်များလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဘုရားဖူး ပရိသတ် အပြန်အလှန် နှုတ်ဆက်ပြောဆိုနေကြပုံများကို မှတ်တမ်း ယူကြလေသည်။

daw-aung-s-suu-kyi-and-son1ssဘုရားဖူး ပရိသတ်ကပေးသော ဘုရားပန်းကို ရာဟုထောင့် ဂြိုလ်တိုင်တွင် လှုမည့် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့တည့်တည့်မှ သတင်းဗီဒီယို ရိုက်ယူနေသော သတင်းထောက်တယောက် နောက်လှည့်မကြည့်မိဘဲ ရိုက်ရာ ဘုရားကန်တော့နေသည့် စုံတွဲပေါ် တက်နင်းမိလေတော့သည်။ ဘုရားဖူးနေကြသူများကို အထိအခိုက် အနှောက်အယှက် မဖြစ်ကြစေရန် ထပ်သတိပေးပြီး ထိုစုံတွဲကို တောင်းပန်စကား လှမ်းပြောရင်း ဒေါ်အောင်ဆန်းစုကြည်ခမျာ ဘုရားပန်းကိုအမြန်ကပ်လှူ ပူဇော်ကာ သူ့ပါတီအဖွဲ့ဝင်များကို-
“ခုနဘုရားဖူးတွေကို ရှာပေးပါ၊ ကျမတောင်းပန်ချင်တယ်.. သေချာတောင်းပန်ရမယ် လိုက်ရှာကြပါအုံး”ဟု ပြောလေရာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော အဆိုပါ စုံတွဲကိုတွေ့ရ၍ အန်တီက တောင်းပန်ချင်ကြောင်း ပြောနေစဉ် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး “ကျမတောင်းပန်ပါတယ်နော်.. ကျမကြောင့် ခုလို ဖြစ်သွားရတာ စိတ်မကောင်းပါဘူး၊ ကျမတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ”ဟု စိတ်လိုလက်ရ တောင်းပန်စကားဆိုရာ စုံတွဲကပြုံးရွှင်စွာဖြင့်ကိစ္စမရှိပါကြောင်း ပြန်ပြောသံကို မြင်ကြားခဲ့ရလေသည်။

ထို့နောက် သတင်းသမားများအတွက် ရွှေတိဂုံဘုရားနောက်ခံနှင့် ဓာတ်ပုံ အရိုက်ခံပေးကာ မြောက်ဖက် စောင်းတန်းမှ ပြန်ဆင်းသွားခဲ့သည်။ လမ်းတလျှောက် ဝိုင်းဝန်း နှုတ်ဆက်ကြသော ဘုရားဖူး ပရိသတ်များကိုလည်း အပြုံးမပျက် ပြန်လည် နှုတ်ခွန်းဆက်လျက် ဖြေးဖြေးချင်း ဆင်းလာခဲ့သည်။ ဘုရားမှာ ဘာဆုတွေ တောင်းခဲ့ပါသလဲဟု အေအက်ဖ်ပီသတင်းဌာနမှ မလှလှဌေးအမေးကို ဒေါ်အောင်ဆန်းစုကြည်က “ဒါတော့ ဘယ်ပြောလို့ ဖြစ်မလဲ”ဟု ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်ရာ ဘေးမှ လိုက်ပါနေသူများ ဝိုင်းကြည့်နေသူများ၏ ရယ်သံများ ဝေစည်သွားခဲ့သည်။ ထို့နောက် မြောက်ဖက်စောင်းတန်း အတက်တွင် ဓာတ်ပုံ ထပ်အရိုက်ခံပေးကာ အားလုံးကို နှုတ်ဆက်ပြီး နံနက်၈နာရီကျော်တွင် အိမ်ပြန်သွားခဲ့လေသည်။

အမေစု ဘုရားဖူးချိန် တလျှောက်လုံး ဘေးမှ ကပ်လိုက်ကာ သတင်းဓာတ်ပုံ ရိုက်ယူနေသော ကျနော် ထိုအချိန်ကျမှ အသက်ဝဝ ရှုနိုင်ကာ တကိုယ်လုံး စိုရွှဲနေသော ချွေးတို့ကို သုတ်ရင်း ဘုရားအတက် စောင်းတန်း အုတ်လှေခါးတွင် ထိုင်အမောဖြေနေစဉ်-
“ညီလေးခုနက ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး လာသွားတယ်ဆို အမေစု လာသွားတယ်ဆို ညီလေး ဓာတ်ပုံ လိုက်ရိုက်လာတာလား ခဏ ပေးပြပါကွာ”ဟု ဆိုလာသူကို ကျနော်ရိုက်လာသော ဓာတ်ပုံများကို စိတ်လိုလက်ရ ပြန်ပြစဉ် ဦးဇင်းတပါးနှင့် အခြား ဘုရားဖူးများပါ ဝိုင်းလာကြည့်ပြီး-
“ကျက်သရေ ရှိလိုက်တာ၊ နုသေးတယ်နော်၊ ကျန်းမာရေး ကောင်းနေပုံဘဲ၊ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး အခက်အခဲများ ကျော်လွှား ဆောင်ရွက်နိုင်ပါစေ” ဆိုသည့် အသံများ ဝေဝေစည်စည် ကြားခဲ့ရပြန်၏။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ အပြင်သို့ ပြန်ထွက်လာသည့် အချိန်တလျှောက် သူ့အပေါ်ထားရှိသော ပြည်သူတို့ မေတ္တာကို မျက်မြင်တွေ့ခဲ့ရပြီးပြီ။ မိသားစုအရေးထက် မြန်မာပြည်သူများအရေး အလေးထား ဆောင်ရွက်နေသော သူ့မိခင်အပေါ် ကိုထိန်လင်းတယောက် အပြစ်မမြင်မေတ္တာသက်ဝင် ချစ်ခင်လေးစားမြဲ ရှိပုံကိုလည်း တွေ့ခဲ့ရပြီ။ အမေစုအပေါ် ပြည်သူတို့ ယုံကြည်ကိုးစား အလေးထားကာ လှိုက်လှိုက်လှဲလှဲ မေတ္တာသက်ဝင် ချစ်ခင်လျက် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလျက် ရှိနေကြသည်ကိုလည်း တွေ့မြင် ခံစားခဲ့ရပေ၏။ ထိုမပြယ်သော မေတ္တာ၏ အထုအထည်သည် ဓမ္မ၏ အင်အားတရပ်ပင်၊ ဓမ္မသည် အဓမ္မကို အောင်နိုင်မြဲဖြစ်ရာ ဤမေတ္တာတရားများ အမြဲတည်ရှိကာ ဆက်လက် ပြန့်ပွားနိုင်ပါစေဟု ဆန္ဒပြုရပေသည်။

(ပြည်တွင်းစာစောင်များတွင် ဖော်ပြခွင့် မရနိုင်သော မြင်ကွင်းသရုပ်ဖော် သတင်းဆောင်ပါးကို ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတဦး ရေးသားပေးပို့ပါသည်။)

0 comments: