Subscribe
Add to Technorati Favourites
Add to del.icio.us

Tuesday, November 16, 2010

မာရသွန် သို့

ကမ္ဘာပေါ်ကရှိတဲ့ လူမျိုးစု တိုင်းမှာ အမျိုးသမီးတွေရဲ့ အမှတ် အသားအဖြစ် တခုစီတော့ ရှိကြပါတယ်။ မြန်မာ အမျိုးသမီးတွေ ကတော့ ပန်းပန်တတ်ကြပါတယ်။ မြန်မာ အမျိုးသမီးတွေ ဘာ ကြောင့် ပန်းပန် ကြတာလဲ။ ပန်းပန်တယ်ဆိုတာ လှဖို့တခုထဲ အ တွက် မဟုတ်ပါဘူး။ ကျမတို့ မြန်မာလူမျိုးတွေက ပန်းကို အထွဋ် အမြတ်ထားတဲ့အနေနဲ့ ဘုရားတင်တာမျိုး ဦးခေါင်းမှာ ပန်ဆင် တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကထဲက ကျမတို့ သတင်းတွေကို စောင့်ကြည့်နေမိပါတယ်။ ဒေါ် စု လွတ်တော့မယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာကိုး။ ဒါပေမဲ့ ဒေါ်စု ကတော့ လွတ်မလာပါဘူး။ မျော်လင့်ချက်တွေကတော့ လျော့မသွားပါဘူး။ ၁၃ ရက်နေ့ကို ဆက် လက်စောင့်မျော်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက မြန်မာပြည်သူတွေရဲ့ တခု တည်းသော မျော်လင့်လျက်မို့လို့ ကျမတို့လိုပဲ အားလုံးစောင့်မျော်နေကြပါတယ်။



၁၃ရက်နေ့မှာလဲ သတင်းကို နားစွင့်နေရပါတယ်။ ကျမတို့နေတဲ့ ထိုင်းနိုင်ငံမှာလဲ ရွေ့ ပြောင်းအလုပ်သမား တချို့ကတောင် အလုပ်တွေက ခွင့်ယူပြီး ဒေါ်စုလွတ်မြောက်ချိန်ကို စောင့်ဆိုင်းနေပါတယ်။ အားလုံးဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ တဖြေးဖြေး ည နေစောင်းလာတော့ ကျမတို့ရဲ့ မျော်လင့်ချက်တွေအတွက် နဲနဲတောင် စိုးရိမ်မိပါတယ်။ ဒေါ်စု ခြံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ပြည်သူလူထုတွေလဲ မနဲဘူးဆိုတာကို သတင်းဌာန တွေရဲ့ ထုတ်လွင့်ချက်ကနေ သိရပါတယ်။

တချို့လဲ ဒီနေ့မှ ဒေါ်စုကိုလွတ်မပေးဘူးဆိုရင် ထိုင်ရာကမထ သပိတ်မှောက်မယ်လို့လဲ ပြောဆိုနေကြတာ ကြားသိရပါတယ်။ ဘာတွေဖြစ်လာမှာလဲ။ မြန်မာပြည်ရဲ့ ကံက ဘယ် လိုဖြစ်လာမလဲ။ စောင့်ဆိုင်းနေရတာက စိုးတထိတ် ထိတ်နိုင်လှ ပါတယ်။ ဒီဗွီဘီ ကို တော့ တချိန်လုံးဖွင့် ထားလိုက်ပါတယ်။



၅း၁၅ မိနစ် ဖုန်းတခု ဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီတဲ့။ ဝမ်းမြောက် ပေမဲ့ သေချာချင်နေပါတယ်။ ဒါကြောင့် ဒီဗွီဘီ ကိုပဲ အချိန်ပြည့် စောင့်ကြည့်နေမိပါ တယ်။ ၅း၃၀ ကျော်လောက်မှာတော့ ဒေါ်အေးအေးမွန်ရဲ့ ပီတိလွမ်းတဲ့ အပြုံးမျက်နှာနဲ့ သတင်းကောင်းကို ကျေညာလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီတဲ့ လေ။

အိုဘားမားကတောင် မြန်မာ့ အမျိုးသမီး သူရဲကောင်း အဖြစ် ချီးကျူးဂုဏ်ပြုရတဲ့ ဒေါ် အောင်ဆန်းစုကြည် အိမ်ရှေ့မှာတော့ သောင်းနဲ့ချီတဲ့ ပြည်သူတွေက “ဒေါ်အောင်ဆန်း စုကြည် ကျမ်းမာပါစေ” ဆိုတဲ့ ဆုတောင်းသံကို ကျယ်ကျယ် လောင်လောင်ကြား နေရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့ကိုစောင့်မျော်နေတဲ့ ပြည်သူတွေကို နှုတ်ခွန်းဆက်ပါ တယ်။ ပြည်သူကြားထဲက လှမ်းပေးလိုက်တဲ့ သစ်ခွပန်းလေးကို အန်တီစုက သေချာ လေး ပန်လိုက်ပါတယ်။ ဗေဒါရောင်လေး ဝတ်ဆင်ထားတဲ့ အန်တီစုဟာ အဓိပ္ပါယ်တွေ အများကြီး ရှိနေပါတယ်။ ပြည်သူတွေအပေါ်မှာ အမြဲတမ်း သစ္စာရှိနေတဲ့ အမှတ်အသား တခု ဖြစ်ပါတယ်။ ကဗျာဆရာကြီး ဇော်ဂျီက ဗေဒါလမ်း ကဗျာမှာ “ဗေဒါ ပျံ အံကိုခဲ ပန်းပန်လျှက်ပဲ” တဲ့ အန်တီစုတယောက် ပြည်သူတွေ ပေးအပ်တဲ့ တာဝန်တွေကို ဦး ထိပ် ပန်ဆင်ပြီး မဆုတ်မနစ် ဆက်လက် ထမ်းဆောင်မယ်ဆိုတဲ့ အဓိပ္ပါယ်မို့လို့ ယောက် ကျား ရင့်မကြီးတွေတောင် မျက်ရည်လည်ကြတယ်တဲ့။



ကျမ မြဝတီသတင်းဌာနဘက်ကို မျက်စိခရီး ထွက်လိုက်ပါတယ်။ စိတ်ပါဝင်စားမှု မရှိတဲ့ ခပ်သေသေ မျက်နှာနဲ့ အမျိုးသမီးတဦး သတင်းကြေညာ နေပါတယ်။ ကြေညာနေတဲ့ အကြောင်းအရာက ကြံ့ဖွံ့ပါတီ အနိုင်ရကြောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှု မရှိတဲ့ မျက်နှာပေါ်မှာ ဗလာရိပ်တွေဘဲ ကြီးစိုး နေပါတယ်။ သက်ဝင်မှုမပါတဲ့ သတင်း ကြေညာ သံက စိတ်ပါဝင်စားမှုကို မပေးနိုင်သလို ရွေးကောက်ပွဲရလာဒ်ကို ဘယ်သူကမှ လက်မခံ ပါဘူး။

မြဝတီသတင်းဌာနရဲ့ နောက်ခံရုပ်ပုံကတော့ လူတိုင်းကြားဘူးသိဘူးတဲ့ စည်းလုံးခြင်း သည်အင်အား ပုံပြင်ထဲက ဇတ်ဝင်ခန်းတခုပါ။ အဖေက သားကို သစ်တစည်းချိုးခိုင်းနေ ပုံပေါ့။ ဒါပေမဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား ပြဿနာတွေကို မဖြေရှင်း နိုင်သေးပါ ဘူး။ ၇ ရက်နေ့က စလို့ အခြေတည်တဲ့ ပစ်ခတ်မှုတွေကြောင့် ထိုင်းနယ်စပ်ကို သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ရပါတယ်။ အခုအချိန်အထိ တကယ်အေးချမ်းသွားပြီလို့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ D.K.B.A က ဗိုလ်နှုတ်ခမ်းမွေး ကတော့ ဒေါ်အောင် ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ သူရှိနေပါမယ်လို့ သတင်းဌာနတွေကို ပြောပြခဲ့ ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုး စားသွား မယ်လို့ သူယုံကြည်ကြောင်း ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ ဦးစိုင်းလိတ်က ပြောသွားပါတယ်။ သူ့သဘောကတော့ နိုင်ငံရေးအကျဉ်းသားတွေ လဲ လွတ်မြောက် ဖို့လိုတယ် လို့ပြောခဲ့ပါတယ်။

၉ ရက်နေ့မှာဆက်ပြီး ဘုရား ၃ ဆူ။ ဝေါ်လေ တို့မှာလဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ ပါတယ်။ ကန်ချနာဘူရီ ဘက် ကိုလဲ သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး တိမ်းရှောင် ခဲ့ပါတယ်။ DKBA နဲ့ အတူ KNU ကလဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။



၈း၃၀ လောက်ရောက်တော့ မြဝတီက ဝတ်ကျေတန်းကျေ ဒေါ်စုကို လွတ်ပေးကြောင်း ကျေညာ ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာတော့ ပြည်သူတွေရဲ့ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်နေပုံကို နိုင်ငံပြင်ပ သတင်းမီဒီယာတွေက ထုတ်လွင့်ပြသ နေပါတယ်။ ကျမတို့ ထမင်းသွားပို့ခဲ့တဲ့ စစ်ပြေးဒုက္ခသယ်တွေဆီက အန်တီစု လွတ်လာ ပြီဆိုတော့ စစ်ပွဲတွေပြီးဆုံးတော့မယ် ထင်တယ်ဆိုတဲ့ မှတ်ချက်ကလေးကြားခဲ့ ရပါ တယ်။ သူတို့ အိမ်ကို စိတ်ချလက်ချ ပြန်ချင်နေကြပါပြီ။

၁၀ ရက်နေ့က သူတို့ကို ထိုင်းအစိုရက နောက်ဆုံး အိမ်ပြန်ခိုင်းခဲ့ပါတယ်။ သူတို့အိမ်ပြန် သွားချိန်မှာ DKBA တပ်က စစ်သားလေးတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မှ အိမ် ပြန်လာကြလို့ မှာလိုက်တယ်တဲ့။ ဒါကြောင့် သူတို့လဲ ဒေါ်စု ကို မျော်နေကြပါတယ်။

သန်းနဲ့ချီတဲ့ ရွေးပြောင်း အလုပ်သမားတွေလဲ အန်တီစု ကိုမျော်လင့်နေပါတယ်။ သူတို့က သူများနိုင်ငံမှာ အရာရာ အောက်ကျနောက်ကျ နေရတဲ့ ဘဝကနေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ပြီး ကျကျနန အလုပ်လုပ်ချင် သူတွေလေ။ ဒါကြောင့် အပြောင်းအလဲအတွက် သူတို့ရင်ခုန်နေ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ထောင်ပေါင်းများစွာ လျောက်လှမ်းမဲ့ ခြေလှမ်းတွေ အတွက် ဒါပထမဦးဆုံး ခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဝမ်းမြောက်ဝမ်းသာ ကြို ဆိုမှုက သူ့အတွက်အားဆေးတလက် ဖြစ်ပါတယ်။ ဒေါ်စုက ရှေ့မှာ အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် ခက်ခက်ခဲခဲ လှမ်းရပါအုံးမယ်။ ဒါကြောင့် ဗေဒါရောင်လေး ဝတ်လာခဲ့တာ မဟုတ်ပါလား။

ကျမ မှတ်မိနေတဲ့ ဆရာဦးကြည်အောင်ရဲ့ မိခင်မာရသွန်ကို အမှတ်ရ ခံစားလိုက်မိ ပါတယ်။



မိခင် မာရသွန်

သားသယ် အမေ

မိုင်ရှည် တာဝေး အပြေးသမား။

သားသမီး အချစ်

သက်လုံ အဖြစ်ပြောင်းပြစ် သလား။ ။

ကျမတို့ တိုင်းပြည်ရဲ့အနာဂတ် အတွက် ဒေါ်စုက တာဝေးပြေးနေတဲ့ မိခင်တဦး လို့ ခံစားမိပါတယ်။ တိုင်းပြည်ကိုချစ်တဲ့ အချစ်က သူ့ကို သက်လုံဖြစ်စေခဲ့တာ ပေါ့။ ဘယ်လောက်ပဲ ကြမ်းကြမ်း သူ ပြေးနိုင်အောင် ပြေးမယ်လို့ ကမ္ဘာကြီးတ ခုလုံးက ယုံကြည်နေ ကြပါတယ်။

ခင်ငြိမ်းသစ်

0 comments: