Subscribe
Add to Technorati Favourites
Add to del.icio.us

Sunday, July 25, 2010

“မြားကုန်နေသောလေသံများ”

စိုးနေလင်း
(From http://www.naytthit.com)
Saturday, July 24, 2010


စစ်အာဏာသိမ်းအစိုးရရဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဆိုတာ ဘယ်နေ့ဘယ်ရက် ကျင်းပမယ်မှန်းမသိရသေးပေမယ့် ၂ဝ၁ဝ ခုနှစ်ကို ထက်ဝက်ကျော်စွန်းလာပြီဖြစ်လို့ ရွေးကောက်ပွဲဝင်ဖို့ကလွဲပြီး ဘာမှလုပ်လို့မရတော့ဘူးလို့ ယုံကြည်ကြတဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေး သမားတွေရဲ့အသံတွေကို ပိုပြီးကြားလာရပါတယ်။ တချို့က နည်းနည်းမကျေနပ်တဲ့လေသံတွေ၊ တချို့ကတော့ ရေရွတ်ညဉ်းတွားသံ တွေပေါ့လေ။ ဒါပေမယ့် ဘယ်အသံမှ အားကောင်းမောင်းသံ မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီရေး အတွက်အားကိုယ်း အားထားပြု လောက်စရာရှိတာမတွေ့ရ မကြားရပါဘူး။

စစ်အစိုးရဟာ စစ်တပ်အားကိုးနဲ့ ရက်စက်ကြမ်းတမ်းတယ်၊ အကြမ်းဖက် နှိမ်နှင်းတတ်တယ်။ ကောက်ကျစ်စဉ်းလဲတယ်ဆိုတာ မှန်ပါ တယ်။ ဒါတွေကြောင့် စစ်အစိုးရခွင့်မပြုရင် ဘာမှမလုပ်ဘူး။ ခွင့်ပြုသလောက် အတိုင်းအတာအတွင်းက ခွင်ပြုထားတဲ့ လှုပ်ရှားမှုလေး တွေကိုပဲ အကောင်းဆုံးလုပ်ကြရမှာပေါ့။ ဘာတတ်နိုင်မှာလဲ ဆိုပြီးစစ်အစိုးရကို မတရားပြုချင်တိုင်းပြု လုပ်ချင်တိုင်းလုပ်တာကို ခေါင်း ငုံ့ခံကြမယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုကြီးတရပ်လုံးရာစုနှစ်ဝက်လောက် ဒုက္ခဆင်းရဲအမျိုးမျိုးခံပြီး စောင့်မျှော်နေခဲ့တဲ့ လွတ်လပ် တရားမျှတ ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံတခုကို ဘယ်လိုနည်းနဲ့မှ ရရှိနိုင်စရာအကြောင်း မရှိဘူးဆိုတာကတော့ နိုင်ငံရေးအတွေ့ အကြုံ ရှိတဲ့သူတိုင်း နားလည်ပြီးဖြစ်ကြပါလိမ့်မယ်။

ကျနော်တို့ရဲ့အဘိုးအဖွားတွေ အဖေ အမေတွေ နောင်တော် အမတော်တွေ ခြောက်တိုင်းမကြောက်ခဲ့ကြပါဘူး၊ ချော့တိုင်းလည်း မ ပျော့ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ကျနော်တို့တိုင်းပြည်ဟာ အလွန်အင်အားကြီးတဲ့ အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်နိုင်ခဲ့သလို အလွန် ရက်စက်ကြမ်းတမ်းအင်အားကြီးမားတဲ့ ဖက်ဆစ်စနစ်ကလည်းလွတ်မြောက်အောင်တိုက်ခိုက်တွန်းလှန်နိုင်ခဲ့ကြပါတယ်။ တတိုင်းပြည် လုံး ပြည်သူလူထုတရပ်လုံး လွတ်လပ်ရေးရခဲ့ကြပါတယ်။ အထူးပြောနေစရာမလိုအောင် ခိုင်မာတဲ့ သမိုင်းစာမျက်နှာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ ကျနော်တို့ခေတ်မှာတော့ ကျနော်တို့သက်တန်းတခုလောက်နီးနီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ အမျိုးသား စစ်အာဏာ ရှင်တွေရဲ့သံဖနောင့်အောက်မှာ ကျရောက်နေခဲ့ရပါတယ်။ ကျရောက်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက် ရေးအတွက် အသက်၊ ဘဝ၊ သွေးချွေး ပေးဆပ်တာဝန်ကျေပွန်ခဲ့သူတွေ၊ ပေးဆပ်နေဆဲသူတွေရှိသလို ကိုယ်ကျိုးစီးပွားအခြေပြု နေ သာသပ လေညာက တိုင်းပြည်ရဲ့အရေး ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို ကိုယ်နဲ့မဆိုင်သလိုနေခဲ့ကြသူတွေလည်း အများကြီး ရှိပါတယ်။ တချို့ကတော့ ခြံစည်းရိုးပေါ်ခွထိုင်ပြီး အရေးသာမယ့်ဘက်ကိုခုန်ချမယ့်သူတွေ၊ တချို့ကတော့ ဘာတတ်နိုင်မှာလဲ ဆိုပြီး ကောက်သင်းကောက်ဖို့ ကြိုးစားနေကြတာတွေလည်းရှိပါတယ်။ အဲဒါတွေထက်ပိုပြီးဆိုးတဲ့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုတ ရပ်လုံးကိုသစ္စာဖောက်ပြီး ဖိနှိပ်သူစစ်အာဏာရှင်တွေနဲ့ပူးပေါင်း ကိုယ့်ပြည်သူလူထုကိုကိုယ်ပြန်ပြီး ဒုက္ခပေးနေကြတဲ့ အသားထဲက လောက်တွေလည်း အများကြီးရှိနေကြပါတယ်။

ဒီလို ပကတိအခြေအနေအောက်မှာ နိုင်ငံရေးသမားအမည်ခံပြီး နိုင်ငံရေးပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေကြသူတွေ၊ တ သီးပုဂ္ဂလ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ကျင်းပပေးမယ့် စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုတာကို အသေ အချာလေ့လာသုံးသပ် အကဲဖြတ်သင့်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်အခြေခံဥပဒေ ကိုကျင့်သုံးပြီးကျင်းပမှာပါလဲ။ ပြဋ္ဌာန်းပေး ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လွှတ်တော်ဆိုင်ရာဥပဒေတွေ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှန်ကန်မှု ရှိ ရဲ့လား ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ညီညွတ်ရဲ့လားဆိုတာကို စစ်ဆေးကြည့်ရှုသင့်ပါတယ်။ ကြည့်ရှုစစ်ဆေးတဲ့နေရာမှာလည်း အသွင် သဏ္ဌာန်ကိုမဟုတ်ပဲ အနှစ်သာရကို ကြည့်ရှုစစ်ဆေးရပါမယ်။ အပြော အပြ ထက် အလုပ်ကိုကြည့်ရပါမယ်။ စစ်အစိုးရကအပြနဲ့ အ ပြောသက်သက်ပါ စစ်အစိုးဟာ သူ့ရဲ့အပြောနဲ့အပြအတိုင်းသာလုပ်ခဲ့မယ်ဆိုရင် ခုပြောနေရတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာလည်း ရှိ လာစရာအကြောင်းမရှိပါဘူး။ အပြောတခြား အလုပ်အခြား အပြတခြား အလုပ်တခြားအမြဲတမ်းလုပ် ပြည်သူလူထုကြီးနဲ့ နိုင်ငံတကာ ကို လိမ်နေခဲ့တဲ့ လူလိမ်လူညာ အစိုးရဖြစ်နေလို့သာ ဒီလိုပြောနေရတာ ဖြစ်ပါတယ်။

ဆောင်းပါးသိပ်ရှည်လျှားသွားမှာစိုးတဲ့အတွက် ပြောလိုရင်းအသံတွေအကြောင်း ပြန်ပြောပါ့မယ်။ နိုင်ငံရေးပါတီထောင်ထားကြတဲ့ ပါ တီတွေရဲ့ပြောရေးဆိုခွင့်ရသူတွေ ပြောနေကြတာတွေကိုကြည့်ရအောင်ပါ။ မကြာသေးခင်ကလေးကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေ ခွဲထွက်ပြီး နိုင်ငံရေးပါတီသစ်အဖြစ် တည်ထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့တာဝန်ရှိသူ ဦးသိန်းညွန့် ကို တွေ့ဆုံမေးမြန်းပြီး ရန်ကုန်တိုင်းမ်းသတင်းဂျာနယ်မှာ ထည့်သွင်းဖော်ပြထားတာကို ဖတ်ခွင့်ရလိုက်ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်းခန်း မှာ ဦးသိန်းညွန့်က “လွှတ်တော်ထဲရောက်ရင် တိုင်းရင်းသားအဖွဲ့တွေ အင်အားစုပါတီတွေနဲ့ ပူးပေါင်းပြီးလုပ်သွားမှာပါ။ ပြည်သူလူထု ဖြစ်စေချင်တာတွေကို လွှတ်တော်မှာပြောနိုင်မယ်၊ ဥပဒေတွေကိုပြင်နိုင်မှာပေါ့” လို့ ပြောခဲ့ပါတယ်။ ကျနော် အတော်အံ့သြပါတယ်။

၂ဝဝ၈ ခု စစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာ တကယ်လို့ ရွေးကောက်တင်မြှောက်ခံရရင် စစ်တပ် ကိုယ်စားလှယ်၂၅% နဲ့ စစ်တပ်လက်ကိုင်ဒုတ်ကြံ့ဖွံ့ပါတီက ပြည်သူလူထုနဲ့ ဝန်ထမ်းတွေကိုခြိမ်းခြောက်ပြီး အာဏာသုံးမဲရအောင် ယူပြီး လွှတ်တော်ကုလားထိုင်မှာဝင်ထိုင်လာကြမယ့် ကြံ့ဖွံပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူလူထုလိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ် အသေအချာချည်ပြီးတုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားတဲ့ မတရားတဲ့ဥပဒေတွေကို ပြင် ဆင်နိုင်မယ်လို့ ယုံကြည်လောက်အောင်ကို ရိုးအလွန်းရှာတယ်လို့ပဲ ပြောရမလား နိုင်ငံရေးချွတ်ခြုံကျလွန်းတယ်လို့ပဲ ပြောရမလား။ စစ်အစိုးရအကြောင်းကို ရာစုနှစ်ဝက်လောက်အတွေ့အကြုံနဲ့ သာမန်ပြည်သူလူထုတောင် အလွယ်တကူသိမြင် သဘောပေါက်နေကြ ပါရဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးပါတီကြီးတခုရဲ့တာဝန်ရှိပုဂ္ဂိုလ်အဖြစ် နှစ်ပေါင်းများစွာလုပ်လာခဲ့ဖူးတဲ့ ဦးသိန်းညွန့် လို လူမျိုးက ဒီလိုတွေးမြင်ယုံကြည်တယ်ဆိုရင် တခြားအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုတော့ အထူးပြောနေစရာလိုမယ် မထင်ပါဘူး။ ဒီထက်ဆိုးတဲ့အဖြေလည်းရှိပါသေးတယ်။ မေးသူက ဦးသိန်းညွန့် အနေနဲ့ ဥပဒေတွေ ကို ပြင်နိုင်မယ်လို့ပြောခဲ့ပေမယ့် တချို့ကတော့ပြင်လို့မရနိုင်ဘူးလို့ပြောနေကြတယ်၊ အဲဒီလိုအမြင်ကွဲလွဲနေတဲ့အပေါ်ဘယ်လိုမြင်ပါသ လဲလို့ မေးတဲ့အဖြေကို ဦးသိန်းညွန့်က “တပ်မတော်အပေါ် မြင်တဲ့အမြင်ကွဲသွားတာဘဲ။

သူတို့က လက်ရှိ တပ်မတော် ခေါင်းဆောင်များ နောင်အနာဂါတ်ခေါင်းဆောင်များဟာ ဒီအခြေခံဥပဒေကြီးကို တရားသေဆုပ်ကိုင် ထားမယ်လို့ သူတို့ထင် ကြတယ်။ ကျနော်တို့က အဲလိုမထင်ဘူး။ ပြောင်းလဲလာတဲ့ ပြည်တွင်းပြည်ပအခြေအနေ နောက်တခါ ကျနော် တို့ဘက်ကလဲ တပ်မတော်အပေါ် သဘောထားမှန်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းပြည်အမှန်တကယ် တိုး တက်ခေတ်မီရေးအတွက်ကို လွှတ်တော်ထဲရောက်လာမယ့် တပ်မတော်သားတွေ အရင်ဆုံးနားလည်မှုရမယ်။ ဒီနာမည်မှုနဲ့ တိုင်ပြည် ကောင်းဖို့အတွက် ဒီအချက် ဒီတွေက် ကိုတင်ပြရင် ဒါတပ်မတော်ဘက်ကလည်း စဉ်းစားလိမ့်မယ်။” လို့ အဖြေပေးသွားပါတယ်။ တပ် မတော်အပေါ်တခြားသူတွေမြင်နေကြသလို၊ ရဟန်းရှင်လူ ပြည်သူလူထုတွေအားလုံးမြင်နေကြသလို သူတို့ပါတီက မမြင်ဘူး၊ သူ့အ နေနဲ့ မမြင်ဘူးလို့ အတိအလင်းပြောသွားတာပါ။ အော် တပ်မတော်ရဲ့သဘောထားအမှန်ကို မသိရှာသေးဘူးလို့ပဲ စုတ်သပ်ရမလား။ ဖြစ်မှဖြစ်ရပလေ ဦးသိန်းညွန့်ရယ်လို့ပဲ ညည်းချင်းချရမလား။ စဉ်းစားမရနိုင်အောင် အံသြရပါတယ်။

ပြုပြင်မရအောင်ကမ်းကုန်နေတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို ပြုပြင်ရေးလုပ်ဖို့ သဘောထားပြောင်းလဲလာအောင်လုပ်ဖို့ ကြိုးစားချင် ပုံရပါတယ်။ ပြည်သူလူထုကပဲ တပ်မတော်အပေါ်ထားတဲ့သဘောထား မှားနေသယောင်ပြောလိုက်ပါသေးတယ်။ တပ်မတော်နှစ် ပေါင်း ၅ဝ နီးပါး ဘာတွေလုပ်လာခဲ့တယ်၊ ပြည်သူလူထုကိုဘယ်လို ဆက်ဆံလာခဲ့တယ်ဆိုတာကိုတော့ အများမြင်သာ ထင်ရှားရှိခဲ့ပြီး ဖြစ်လို့ ကျနော် အထူးဖော်ပြမနေတော့ပါဘူး။

ကျနော်တင်ပြလိုရင်းကတော့ အခု ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှိတာကမရှိတာ ထက်ပိုကောင်းတယ်၊ လွှတ်တော်ထဲရောက်မှ ပြုပြင် ပြောင်းလဲရေးလုပ်လို့ရတယ် လုပ်ကြည့်မယ်ဆိုပြီး အသွင်သဏ္ဌာန်အရပေးထားတဲ့ စကားလုံးအရပေးထားတဲ့ အခွင့်အရေးတွေကို ယုံ ကြည်ကြ၊ ရွေးကောက်ပွဲဝင်ဖို့တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက စစ်အစိုးရထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပ ဒေတွေဟာ မသင့်လျှော်ပါဘူး အခွင့်အရေးတွေကို ဘက်လိုက်ပေးနေတာဟာ မတရားပါဘူး၊ ကြံ့ဖွံ့ပါတီကိုထောက်ခံမဲပေးကြဖို့ အစိုး ရကိုယ်တိုင်က ပြည်သူလူထုကို ဖိအားပေးခြိမ်းခြောက် စည်းရုံးနေတာတွေဟာ မဖြစ်သင့်ပါဘူးစသည်ဖြင့် ပြောဆိုနေတဲ့လေသံတွေ ဟာ အလွန်အားနည်းပျော့ညံ့နေတာ ကြားရပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေ ကိုယ်စလှယ်တွေအနေနဲ့ ဘယ်လိုအခွင့် အရေးမျိုးရှိရမယ်။ အချိန်ဘယ်လောက်ပေးရမယ်။ အစိုးရက ဘာတွေပြင်ဆင်ဆောင်ရွက်ပေးရမယ်လို့ ခပ်တင်းတင်းတောင်းဆိုတာ၊ အစိုးရက အဲဒီတောင်းဆိုမှုတွေကို ဆောင်ရွက်မပေးဘူးဆိုရင်တော့မိမိတို့က ဘာလုပ်ရလိမ့်မယ် သပိတ်မှောက်ရလိမ့်မယ် စသည်ဖြင့် တုန့်ပြန်ရာဇသံပေးတာမျိုးလုံးဝမကြားရသလောက်ပဲဆိုတာပါပဲ။ အဲဒီအစား ဘာမှမတုန့်ပြန်တော့လည်း ပေးထားတဲ့ အခြေအနေအ တွင်းကပဲ အကောင်းဆုံးလုပ်ရမှာပေါ့၊ ဘာတတ်နိုင်မှာလဲဆိုတဲ့ စစ်မရောက်ခင်မြားကုန်နေတဲ့အသံတွေ၊ အလျှော့ပေးအညံ့ခံတဲ့ အ သံတွေကိုပဲ ရေရွတ်ပြောဆို ညည်းညူ နေကြတာကို ကြားနေရပါတယ်။

အဲဒီလို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပြည်သူလူထုက ဘယ်လိုများ အား ကိုယ်းအားထား ပြုကြရမှာပါလဲ။ စစ်အစိုးရအပေါ် သဘောထားမှန်မှန်ကန်ကန် ထားရမယ်ဆိုတဲ့ သူတွေအနေနဲ့ စစ်အစိုးရကတိုင်း ပြည်အပေါ် ပြည်သူလူထုအပေါ် သဘောထားမှန်မှန်ကန်ကန်ထားဖို့ကိုရော တိုက်တွန်းတောင်းဆိုကြဖူးပါသလား။ ပြန်စဉ်းစားကြည့် ကြစေချင်ပါတယ်။ လက်နက်ချအညံ့ခံရေးအတွေးအခေါ်ကို ကိုင်စွဲပြီး စစ်အစိုးရက ငါးခြောက်ဆို ဖုတ်ပြီးသားပါဘုရား လုပ်နေကြ မယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံအရေးဟာ မတွေးဝံ့စရာဖြစ်ပါလိမ့်မယ်။ အမျိုးသားစစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက် မှာ ဆွေစဉ်မျိုးဆက် စစ်ကျွန်ဖြစ်ကြရပါလိမ့်မယ်။

ဘယ်စစ်အာဏာရှင်ကမှ သူတို့ကိုင်စွဲထားတဲ့အာဏာကို သူတို့စိတ်လိုလက်ရ စွန့်လွှတ်ပေးလိုက်ရိုးထုံးစံ မရှိခဲ့ဘူးဆိုတာ သမိုင်းစာ မျက်နှာတွေပေါ်မှာ အထင်အရှားတွေ့နိုင်ပါတယ်။ စစ်အာဏာရှင်အစိုးရကို ပြည်သူလူထု တရပ်လုံးအင်အားနဲ့ ဆန့်ကျင်အာခံ တွန်း လှန်နိုင် အောင်ကြိုးစားကြရမယ့်တာဝန်ဟာ ဒီကနေ့ ပြည်တွင်းပြည်ပက နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေ လက်နက်ကိုင်အင်အား စုတွေမှာအဓိကတည်ရှိနေပါတယ်။ ပြည်သူလူထုကြီးတရပ်လုံးကလည်း စစ်ကျွန်ဘဝ အကျရောက်မခံပဲ ကိုယ်စီကိုယ်ငှ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ငြင်းဆန်ကြဖို့ တညီတညွတ်တည်းကြိုးစားကြဖို့ လိုအပ်ပါကြောင်း။ ။

စိုးနေလင်း

0 comments: